ကရင်ပြည်နယ် ဘားအံမြို့မှာ စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်လီတာကို ကျပ် တစ်သောင်းခွဲအထိ ဈေးပေါက်နေပြီး လိုသလောက်ဝယ်ယူလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။စက်သုံးဆီဝယ်ယူရေးအတွက် စစ်ကော်မရှင်က စုံမစနစ်သတ်မှတ်ထားတဲ့အပြင် လိုင်စင်မဲ့ယာဉ်တွေကို စက်သုံးဆီရောင်းချခွင့် ပိတ်ပင်ထားလိုက်ပေမယ့်လည်း ဘားအံမြို့က စက်သုံးဆီရောင်းချတဲ့ဆိုင်ကြီးတွေမှာ ကား၊ ဆိုင်ကယ်အများအပြားဟာ မနက်အစောကတည်းက တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရတာပါ။စက်သုံးဆီဆိုင်ကြီးတွေမှာ သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း ဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချခဲ့တာဖြစ်ပြီး လိုင်စင်ပါရှိတဲ့ ဆိုင်ကယ်တစ်စီးကို ၅,၀၀၀ ၊ အိုးဝေအငှားယာဉ်တွေကိုတော့ ၁၀၀၀၀၊ ကားကိုတော့ ၃၀,၀၀၀ ဖိုး ရောင်းချပေးနေတာဖြစ်ပါတယ်။စက်သုံးဆီမှောင်ခိုဈေးကွက်ထဲမှာတော့ တစ်လီတာကို ကျပ် ၉,၀၀၀ ကနေ ၁၅,၀၀၀ အထိ ဈေးပေါက်နေပြီး မှောင်ခိုဈေးကွက်ထဲမှာလည်း စက်သုံးဆီကို ဝယ်ယူရခက်ခဲနေတဲ့အပြင် စက်သုံးဆီမှောင်ခိုဈေးနှုန်း အဆမတန်မြင့်မားလာတာကြောင့် အိုးဝေငှားခလည်း ဈေးတက်လာနေတယ်လို့ အိုးဝေအငှားယာဉ်မောင်းသမားတစ်ဦးက ဆိုပါတယ် ။
တဖက်မှာလည်း စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လုပ်ငန်းတချို့ ပိတ်ထားခဲ့ရပြီး ကုန်ဈေးနှုန်းတက်တာ၊ ဈေးရောင်းမကောင်းတာတွေရှိနေပြီး ခရီးသွားလုပ်ငန်းတွေမှာလည်း လာရောက်လည်ပတ်သူတွေ မရှိသလောက် နည်းပါးလာတယ်လို့ သိရပါတယ်။



