တနင်္သာရီမြို့ ၊ ချောင်းကြီးရပ်ကွက် ၊ သာသနဝုဍ္ဎီပါလကျောင်းတိုက်အတွင်း တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို ကျောင်းတိုက်တွင် ဆက်လက် ပူဇော်ပြသထားရှိမည်ဖြစ်ကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ကျောင်းတိုက်ပရဝုဏ်အတွင်း ရေကန်တူးရန် မြေတူးရာမှ အနက် သုံးပေခန့်တူးဖော်ပြီးနောက် ကျောက်ဖျာ တစ်ချပ်အောက်တွင် စဥ့်အိုးတစ်လုံးဖြင့် ထည့်ထားသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို တူးဖော်ရရှိခြင်းဖြစ်သည်။အဆိုပါ စဥ့်အိုးထဲတွင် သစ်သားဘုရားဆင်းတုတော် တစ်ဆူ၊ ငွေထည်ဘုရား ၃၉ ဆူ ၊ သတ္တုစပ် လောဟာ (ကြေး၊ ရွှေ စသဖြင့် အရောအစပ်) ဘုရားဆင်းတု ၁၁ ဆူ စုစုပေါင်း ဘုရားဆင်းတု ၅၁ ဆူ နှင့် ခဲဒင်္ဂါးပြား ခုနစ် ချပ် ပါဝင်သည်။ခဲဒင်္ဂါးများတွင် နဂါးပုံပါဝင်ပြီး အရွယ်အစားသည့် နှစ်လက်မခွဲကျော်ရှိသည်ဟု သိရသည်။တူးဖော်ရရှိသည့် ပစ္စည်းများကို ခွဲခြားနိုင်ရန်ရှေးဟောင်းသုတေသနဦးစီးဌာနသို့ အကြောင်းကြားထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေအနေအထား အခက်အခဲကြောင့် မလာရောက်နိုင်သေးကြောင်း မြို့ခံများထံမှ သိရသည်။



