အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ရုရှားကို တိုက်ခိုက်ရေး ယူကရိန်းအနေနဲ့ ဒုံးကျည် ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။ဘီဘီစီ သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမှုအတွင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ရုရှား သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အီရန်စစ်ပွဲ ကြာရှည်စေဖို့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။အီရန်စစ်ပွဲ ပိုမို ရှည်ကြာလာရင် ယူကရိန်း အားနည်းသွားမှာ ဖြစ်တယ်လို့ ပူတင်က တွက်ဆထားကြောင်း ဇီလန်စကီးက ဆိုတာပါ။ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ဟာ ဘယ်ဖက်ကမှ မပါဘဲ ပူတင်ကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေလိုဘူးလို့လည်း ဇီလန်စကီးက ပြောပါတယ်။ထရန့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့ တွေ့ဆုံပြီး ဘုံသဘောတူညီချက် ရယူကြဖို့ ဇီလန်စကီးက တိုက်တွန်းထားပါတယ်။အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ယူကရိန်း စစ်ပွဲအပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဇီလန်စကီးက ပြောပါတယ်။အခုဆို တတိယ သီတင်းပတ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အီရန် စစ်ပွဲဟာ ပင်လယ်ကွေ့ ဒေသတဝှမ်း ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အမြဲ နောက်ဆုတ်ခံနေရတာဟာ အီရန် စစ်ပွဲ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
အီရန် စစ်ပွဲဟာ ပူတင်အတွက် အကျိုးရှိပြီး စွမ်းအင်ဈေးနှုန်း မြင့်တက်လာတာကြောင့် ရုရှားအတွက် စစ်ပွဲ ဆက်လက် ဆင်နွှဲဖို့ ဝင်ငွေ အများကြီး ပိုရနေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။



