တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ယခုရက်ပိုင်းအတွင် ဆီပြတ်လတ်သောကြောင့် နာရီနှင့်ချီ တန်းစီဝယ်ယူနေရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ယူခွင့်ရကြောင်း ဆီတန်းစီဝယ်ယူသည့် မြို့ခံများနှင့် ခရီးသားပြည်သူများက ပြောသည်။ ယမန်နေ့ မတ်လ ၁၈ရက်တွင်လည်း ထားဝယ်မြို့ရှိ စက်သုံးဆီ ဆိုင်အချို့တွင် ခွဲတမ်းဆီ ပြတ်လတ်နေဆဲဖြစ်ကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီဖြန့်ဖြူး ရောင်းချသူအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။ထားဝယ်မြို့တွင် စက်သုံးလက်ရှိ စက်သုံး ဆီဖြန့်ဖြူးရောင်းချနေသည့် ဆီဆိုင်ကြီးများ ငါးဆိုင်ထက်မနည်းရှိသည်။ယင်းအနက် တစ်ဆိုင်မှာ ဆီလက်ကျန် နည်းနေသည်ဆိုပြီး နေ့တစ်ဝက်သာ ရောင်းချတော့ကြောင်း မြို့ခံများထံမှ သိရသည်။ဆီဆိုင် နှစ်ဆိုင်မှာမူ ပုံမှန်အတိုင်းရောင်းချပေးနေပြီး အဆိုပါနှစ်ဆိုင်တွင် လူတန်းရှည်ဖြင့် တိုးဝှေ့ဝယ်ယူနေကြကြောင်း မြို့ခံများက ဆိုသည်။ နှစ်နာရီခန့်ကြာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ခွင့်ရကာ ကားဆိုလျှင် သုံးသောင်းကျပ်ဖိုး ဝယ်ယူခွင့်ရကြောင်း ၎င်းတို့က ပြောသည်။ယင်းသို့ နာရီနှင့်ချီ တန်းစီဝယ်ယူကြရသဖြင့် စောင့်ဆိုင်းရန် အဆင်မပြေသူများမှာ ပြင်ပတွင် စျေးကြီးပေးကာ ဝယ်ယူနေရကြောင်း မြို့ခံများထံမှ သိရသည်။



