ရန်ကုန်မြို့မှာ ပုဂ္ဂလိကအစီစဥ်နဲ့ သင်္ကြန်ပွဲကို ပုံစံအမျိုးမျိုးနဲ့လုပ်ဖို့ ပြင်ဆင်နေကြသလို လူတယောက်ကို သိန်းဂဏန်းလောက် ကျသင့်တဲ့ စီးပွားဖြစ် လက်မှတ်ရောင်းချမှုတွေ အခုရက်ပိုင်းမှာ တွေ့ လာတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်တာထက် သီးခြားအဝန်းအဝိုင်းနဲ့ Bar၊ စားသောက်ဆိုင်တို့ကနေ လက်မှတ်ရောင်းပြီး သင်္ကြန်ပွဲကျင်းပတဲ့ ပုံစံပြောင်းလဲမှုတွေ ရှိလာတာဖြစ်ပါတယ်။အဲဒီလို သင်္ကြန်ပွဲအစီအစဥ်တွေမှာ ငှားရမ်းထားတဲ့ အဆိုတော်၊ DJ၊ ပက်ကေ့အမျိုးအစားအပေါ် မူတည်ပြီး လက်မှတ်နှုန်းထားကွာသလို တရက်ချင်းနဲ့ လေးရက်လုံးစာ ဈေးနှုန်းမှာလည်း ကွာခြားမှုရှိတယ်လို့ လက်မှတ်ဝယ်ဖို့ စုံစမ်းနေတဲ့ ရန်ကုန်မြို့ခံ လူငယ်တယောက်က ပြောပါတယ်။ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၊ MARZ Rooftop Bar က လုပ်မဲ့ သင်္ကြန်ပွဲရဲ့ တရက်စာ လက်မှတ်ခ ၄ ယောက်ဝိုင်းအတွက် အနည်းဆုံး ကျပ် ၂ သိန်းခွဲကနေ ၁၀ ယောက်ဝိုင်းအတွက် ကျပ် ၁၅ သိန်းအထိ ရှိတယ်လို့ ကိုယ်တိုင်စုံစမ်းခဲ့သူတယောက်က ဆိုပါတယ်။အင်းလျားကျွန်းမှာ သင်္ကြန်ပွဲလုပ်မဲ့ Thingyan Music Festival (TMF) ကလည်း ကြိုတင်လက်မှတ် ၄ ရက်စာ တယောက်ကို ၁၈၀,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။



