အရှေ့မြောက်အာရှ၏ လုံခြုံရေးအခြေအနေကို စိုးရိမ်ပူပန်နေသည့်အတွက် ဒုံးကျည် သို့မဟုတ် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်လာပါက ခိုလှုံရာ နေရာ အဖြစ် အသုံးပြုနိုင်မည့် အဆောက်အအုံပေါင်း ၁,၅၀၀ ခန့်ကို ဂျပန်အစိုးရက ထပ်မံဖော်ထုတ်လိုက်ကြောင်း သိရသည်။အစိုးရသည် တိုက်ခိုက်မှုအတွင်း ပြည်သူများ ခိုလှုံနိုင်မည့် အဆောက်အအုံစာရင်းကို တိုးချဲ့ရန် ၂၀၂၄ ခုနှစ်တွင် စတင်လေ့လာခဲ့ပြီးနောက် မြေအောက်ဘူတာရုံများနှင့် မြေအောက်ကားပါကင်များ အပါအဝင် နေရာပေါင်း ၁,၄၈၉ ခု သည် ကာလတို အကာအကွယ်ပေးရန် သင့်တော်ကြောင်း အတည်ပြုခဲ့သည်။မတ်လ ၁၂ ရက်နေ့က ဆန်ကေး သတင်းစာ၏ ဖော်ပြချက်အရ ယခင်သတ်မှတ်ထားပြီးသော ခိုလှုံရာနေရာ ၆၁,၁၄၂ ခုနှင့် ယခုနေရာသစ်များကို ပေါင်းစပ်ကာ လူဦးရေ ၁၀.၈ သန်းခန့် (နိုင်ငံလူဦးရေ၏ ၉ ရာခိုင်နှုန်းနီးပါး) အတွက် အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုကျို ဒါမှမဟုတ် အိုဆာကာမှာရှိတဲ့သူတွေက ဒုံးကျည်တိုက်ခိုက်မှုအပေါ် သိပ်စိုးရိမ်ပုံမရပေမဲ့ ဂျပန်ရဲ့ ‘ရှေ့တန်းစစ်မျက်နှာ’ လို့ ယူဆရတဲ့ ဒေသတွေမှာတော့ အခြေအနေက မတူပါဘူး” ဟု တိုကျိုနိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး ပါမောက္ခ စတီဖင်နာဂီ က ပြောကြားခဲ့သည်။ “အထူးသဖြင့် တိုင်ဝမ်နဲ့ ၁၁၁ ကီလိုမီတာပဲ ဝေးတဲ့ ယိုနာဂူနီကျွန်းလို အိုကီနာဝါ စီရင်စုက အပြင်ဘက်ကျွန်းတွေမှာ နေထိုင်သူတွေပါ” ဟု ၎င်းက ဆိုသည်။အဆိုပါကျွန်းတွင် ကိုယ်ပိုင်ကာကွယ်ရေးတပ်စခန်းရှိပြီး ၂၀၃၁ ခုနှစ်တွင် ပုံစံ-၀၃ အလတ်စား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇူမိ က ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့သည်။ ယင်းသို့ တပ်ဖြန့်မှုကို ကြေညာပြီးနောက် တရုတ်နိုင်ငံက တရားဝင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။ဂျပန်ပြည်မကြီး မြောက်ပိုင်းနှင့် ဟော့ကိုင်းဒိုးဒေသခံများမှာလည်း စိုးရိမ်စရာ အကြောင်းရင်းများ ရှိနေသည်။ မြောက်ကိုရီးယား၏ ဒုံးကျည်များသည် ယခင်က အဆိုပါဒေသများကို ဖြတ်ကျော်ပျံသန်းကာ ပစိဖိတ်သမုဒ္ဒရာအတွင်း ကျရောက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဟွာဆောင်း-၁၂ ဒုံးကျည်တစ်စင်း ဟော့ကိုင်းဒိုးကို ဖြတ်ကျော်ခဲ့သဖြင့် ဂျေ-အလက် အရေးပေါ် သတိပေးစနစ် မြည်ဟီးခဲ့ကာ လူထုအတွင်း ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်လည်း မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တစ်စင်း တိုဟိုကူ ဒေသကို ဖြတ်ကျော် ပျံသန်းခဲ့သည်။လက်ရှိဒေသတွင်း လုံခြုံရေးအခြေအနေမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း “အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံး” ဖြစ်နေကြောင်း ဝန်ကြီးချုပ် ဆနားအဲ တာကအိချိ က သတိပေးပြောကြားခဲ့သည်။ “မြောက်ကိုရီးယားဟာ ၂၀၃၅ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး ၇၅၀ အထိ ပိုင်ဆိုင်လာနိုင်ပြီး တရုတ်ကလည်း သူ့ရဲ့စွမ်းရည်တွေကို အပြင်းအထန် တိုးချဲ့နေတယ်လို့ ခန့်မှန်းချက်တွေ ရှိနေတာကြောင့် ဂျပန်ရဲ့ လုံခြုံရေးဟာ ပိုပြီး အန္တရာယ်ရှိလာပြီလို့ တိုကျိုက ယူဆနေပါတယ်” ဟု နာဂီက ဆိုသည်။ယူကရိန်းကို ရုရှားက ကျူးကျော်ခြင်း၊ ဂါဇာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများနှင့် လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲများတွင် အရပ်သားများ ပစ်မှတ်ထားခံရခြင်းတို့က ခိုလှုံရာနေရာများ ကို ပိုမိုလိုအပ်ကြောင်း ကို ပြသလျက်ရှိပေသည်။ ထို့ပြင် နေတိုးပဋိပက္ခသည် အရှေ့အာရှသို့ ပြန့်နှံ့လာပါက ရုရှားအနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားရှိ နေရာပေါင်း ၁၆၀ ကို ဦးစားပေးပစ်မှတ်များအဖြစ် သတ်မှတ်ထားကြောင်း ဖနန်ရှယ်တိုင်းမ်စ် ၏ ၂၀၂၄ ဒီဇင်ဘာ အစီရင်ခံစာက ဂျပန်အစိုးရကို ထိတ်လန့်စေခဲ့ပေသည်။ အဆိုပါပစ်မှတ်များတွင် စစ်ဘက်ဆိုင်ရာ နေရာများသာမက နျူကလီးယားစွမ်းအင်သုံး စက်ရုံများ၊ တံတားများ၊ ဥမင်လိုဏ်ခေါင်းများနှင့် စက်ရုံများကဲ့သို့သော အရပ်ဘက် အခြေခံအဆောက်အဦများလည်း ပါဝင်နေပေသည်။ပုဂ္ဂလိကကဏ္ဍတွင်လည်း အိမ်သုံးမြေအောက်ခန်းများအတွက် စုံစမ်းမေးမြန်းမှုများ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ “တာကအိချိ အစိုးရလက်ထက်မှာ ခိုလှုံရာနေရာများ ဖော်ဆောင်ရေးကို ဝန်ကြီးများထံ ညွှန်ကြားချက်မှာ ထည့်သွင်းထားပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာလည်း လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေဟာ မြေအောက်ခိုလှုံခန်း တပ်ဆင်ဖို့ ပိုမိုစဉ်းစားလာကြပြီး ဒါဟာ ငလျင်နဲ့ တိုင်ဖွန်းမုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အာရုံစိုက်မှုကို ရရှိနေတာဖြစ်ပါတယ်” ဟု ဂျပန်နျူကလီးယား ခိုလှုံရာနေရာများအသင်းက သတင်းထုတ်ပြန်ခဲ့ပါသည်။



