ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်ကို လက်ရှိချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း လက်မှတ်အရောင်းဌာနများထံမှသိရသည်။မြစ်ကြီးနား လေဆိပ် ပိတ်ထားပါသေးတယ်ရှင်။ရက်အကန့်အသတ်မရှိထပ်တိုးထားပါတယ်။ဘယ်ရက်ပြန်ပြေးဆွဲမယ်ဆိုတာမသိသေးပါဘူး"ဟုAir Ticket Agencyတစ်ခု၏တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့အတည်ပြုပြောဆိုသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြစ်ကြီးနားလေဆိပ်၌ မန္တလေးမြို့သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် FPV Suicide Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ မြစ်ကြီးနားလေဆိပ်ကို FPV Suicide ဒရုန်းများအသုံးပြု၍တိုက်ခိုက်ခံခဲ့ရသဖြင့် လေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့သဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း၊ဒရုန်းများသည် မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်း ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့၍ လူ၊ အဆောက်အအုံ နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ယင်းဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းကြောင့် လေဆိပ်အား လက်ရှိ အချိန်ထိပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။



