ရန်ကုန်မြို့မှာ မိုးသီးတွေကြွေကျ၊ ကွက်ကျားမိုးရွာပြီး ပိတောက်ပန်းတွေ ပွင့်နေလို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့မှာ ပိတောက်ပန်းတွေ ရောင်းချနေတာ မြင်တွေ့ရပါတယ်။အခုလို မတ်လလယ်မှာ အပင်ငယ် ပိတောက်တွေသာ ရွက်ကြွေစောပြီး အဖူးတင်လေ့ရှိတာမို့ အခုလို လေပြင်းကျ၊ မိုးသီးကြွေပြီး ကွက်ကျားမိုးတွေရွာချိန်မှာ ပိတောက်တွေ ပင်လုံးကျွတ် ပွင့်လာတာ ဖြစ်ပါတယ်။ရန်ကုန်မြို့လယ်က သက်တမ်းရင့် ပိတောက်ပင်ကြီးတွေမှာတော့ အရွက်ကြွေနေဆဲဖြစ်ပြီး အဖူးဝင်စပဲ ရှိသေးတာမို့ ရန်ကုန်မြို့လယ်ကလွဲလို့ အပင်သစ်တွေ စိုက်ပျိုးနိုင်တဲ့ နေရာအတော်များများမှာ ပင်ပျိုပိတောက်တွေ ပွင့်လာကြတာ ဖြစ်ပါတယ်။



