ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က စာသင်ကျောင်း ၄၃၇ ကျောင်းမှာ မေ ၁၈ ရက်က စတင်ကာ စာသင်ခန်းတွင်း စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်ကန့်သတ်သွားဖို့ရှိတယ်လို့ Khaosod English သတင်းမှာ ဖော်ပြပါတယ်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) လက်အောက်က စာသင်ကျောင်းအားလုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး စာသင်ချိန်အတွင်း လက်ကိုင်ဖုန်းနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုမှုကို ကန့်သတ်ဖို့ စီစဉ်နေတာလို့ မြို့တော်ဝန် ချတ်ချာ့တ် ဆီတိဖန်က ပြောပါတယ်။ ဘန်ကောက်မြို့တော်ဝန် ချတ်ချာ့တ်က မျက်မှောက်ခေတ် ပညာရေးမှာ ဒစ်ဂျစ်တယ်နည်းပညာက အရေးကြီးပေမဲ့ စမတ်ဖုန်းတွေကို အလွန်အကျွံ အသုံးပြုတာကြောင့် အာရုံစူးစိုက်မှု အားနည်းလာတာ၊ အနီးမှုန်နှုန်း မြင့်တက်လာတာ၊ ကျောင်းသား၊ ဆရာ ဆရာမတွေနဲ့ သူငယ်ချင်းတွေအကြား ထိတွေ့ဆက်ဆံမှု လျော့နည်းလာတာ စတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။



