ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ရထားကုမ္ပဏီဖြစ်တဲ့ East Japan Railway (JR East) ကုမ္ပဏီဟာ စနေနေ့က စပြီး ရထားခတွေကို ပျမ်းမျှ ၇.၁ ရာခိုင်နှုန်း မြှင့်တင်လိုက်ပါတယ်။ စားသုံးခွန်နှုန်းထား တိုးမြှင့်မှုကြောင့် ရထားခတွေ မြင့်တက်ခဲ့တာကလွဲပြီး၊ အဲဒီကုမ္ပဏီဟာ ၁၉၈၇ ခုနှစ်မှာ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရထားခအားလုံးကို ပထမဆုံးအကြိမ် တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ရထားခ မြင့်တက်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုက လုပ်အားခ မြင့်တက်လာတာ ဖြစ်ပါတယ်။ JR East နဲ့ စာချုပ်ချုပ်ဆို အလုပ်လုပ်ကိုင်နေကြတဲ့ကုမ္ပဏီတွေအနေနဲ့ ကျွမ်းကျင်လုပ်သားတွေ ရရှိနိုင်ဖို့အတွက် လုပ်ခတွေကို မြှင့်တင်ပေးနေရကြောင်း JR East ကုမ္ပဏီက ပြောပါတယ်။



