မြန်မာပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တာကြောင့် တရက် လုပ်အားခ ငွေကျပ် ၁၀,၀၀၀ အောက်သာ ရရှိနေတဲ့ အလုပ်သမားတွေအတွက် လက်ရှိဝင်ငွေနဲ့ လောက်ငှမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ကြားမှာ အခြေခံလုပ်အားခ တိုးပေးဖို့ အလုပ်သမားတွေက နှစ်စဉ် တောင်းဆိုနေကြပေမဲ့ လက်ရှိအချိန်ထိ ဖူလုံတဲ့ လုပ်ခနှုန်းထားကို မရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ရန်ကုန်မြို့မှာ နေထိုင်စရိတ် ကြီးမြင့်လာပြီး အိမ်ငှားခတွေက အနည်းဆုံး ကျပ်တသိန်းခွဲကနေ ၃ သိန်းဝန်းကျင်အထိ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အဆောင်ငှားခတွေက အနည်းဆုံး ကျပ် ၈၅,၀၀၀ ကနေ တသိန်း ဝန်းကျင်ရှိနေပြီး၊ တရက် Day ကြေး ၁၅,၀၀၀ ရရင်တောင် နေစရိတ်နဲ့ စားစရိတ်မှာ ကုန်သွားတဲ့ အခြေအနေ ဖြစ်နေပါတယ်။



