ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ ဒီကနေ့ မတ်လ (၁၅)ရက်နေ့ နေ့လည် (၁၂)ခွဲ ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ စစ်ရှောင်စခန်းက တဲအိမ်မှာ ရိုက်နှက်ခံရသူ (အသက် ၂၀ အရွယ်အမျိုးသမီး) ဟာ အမေ၊ အဒေါ်တို့နဲ့ စကားထိုင်ပြောနေစဉ် ပထွေးဖြစ်သူက ငရုတ်ကျည်ပွေ့ နဲ့ အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ အဒေါ်ဖြစ်သူက အခုလိုပြောပါတယ်။ပထွေးဖြစ်သူဟာ ငရုတ်ကျည်ပွင့်နဲ့ သုံးချက် ရိုက်နှက်ခဲ့တာလို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။ အဆိုပါရိုက်နှက်မှုကို မိခင်နဲ့ အဒေါ်ဖြစ်သူက ဝင်ရောက်တားဆီးရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။အဒေါ်ဖြစ်သူရဲ့ အကူအညီလှမ်းတောင်းတဲ့အသံကြောင့် အိမ်ရှေ့မှာနေထိုင်တဲ့ အိမ်နီးချင်း ညီအစ်ကိုနှစ်ဦးက ဝင်ရောက်ဖြန်ဖြေဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ကိုပါ ဓားခုတ်ခဲ့တယ်လို့ ဝင်ရောက်ဖြန်ဖြေပေးသူတစ်ဦးက ပြောပါတယ်။ ညီအကိုနှစ်ယောက်အနက် ညီဖြစ်သူမှာ ဘယ်ဖက်ဦးခေါင်း ၊ မျက်ခုံးနဲ့ လက်ကောက်ဝတ်တွေမှာ ဓားနဲ့ ခုတ်ခံရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အကိုဖြစ်သူကတော့ ဘယ်ဖက်ပုခုံးကို ခုတ်ခံလိုက်ရပြီး (၆)ချက် ချုပ်လိုက်ရပါတယ်။ လက်ရှိမှာ ဓားခုတ်မှု ကျူးလွန်သူကိုတော့ နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။



