နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက ပြည်ပကုန်စည် တင်သွင်းမှုတွေကို တင်းကျပ်ထားတာကြောင့် လက်ရှိ ပြည်တွင်းမှာ သွင်းကုန်တွေ ရှားပါးလာပြီး ရောင်းချစရာ ပစ္စည်းလက်ကျန် မရှိသလောက် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။လက်ရှိမှာ မီနီမားကတ်လေးတွေမှာသာမက နာမည်ကြီး စူပါမားကတ်တွေမှာလည်း နိုင်ငံခြားဖြစ် ပစ္စည်းတွေ ပြတ်လပ်နေပြီး ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုသာ အစားထိုး ရောင်းချနေကြတာကို တွေ့လာရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ဒါအပြင် ဈေးဝါးဈေးကွက် အတွင်းမှာလည်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ နိုင်ငံခြားဖြစ်ဆေးဝါးတွေ ဝယ်ယူရရှိဖို့ ခက်ခဲလာနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးလို နာတာရှည်ရောဂါအတွက် ဆေးဝါးတွေအပြင် သာမန် ဖျားနာရောဂါ ကုသဆေးတွေနဲ့ ပုံမှန် လူသုံးများတဲ့ အားဆေး အမျိုးအစားတွေလည်း ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်နေပြီး ဈေးနှုန်းတွေလည်း ပုံမှန်ထက် သုံးဆလောက် မြင့်တက်နေတယ်လို့ ဆေးဆိုင် ဖွင့်လှစ်ထားသူတွေက ပြောပါတယ်။အခုလို ပြည်ပကုန်စည်တွေ ဈေးကွက်အတွင်း တင်သွင်းနိုင်ခြင်း မရှိတာကြောင့် သွင်းကုန် လုပ်ငန်းတချို့နဲ့ အွန်လိုင်း အရောင်းဆိုင်တချို့ လုပ်ငန်း ရပ်နားထားရကာ အထွေထွေ ကုန်ဈေးနှုန်းတွေလည်း ဆက်လက် မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။



