ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း၌ လက်နက်ကိုင်ဆောင်ပြီး လူသတ်၊ လုယက်၊ ဓါးပြမှုများ ကျူးလွန်ခဲ့သည့် တရားခံ(၈)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်နေစဉ် MDY 2l-2268 နံပါတ်တပ်ထားသည့် Honda FIT အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ လက်လုပ်သေနတ်(၂)လက်၊ မောင်းပြန် MA သေနတ်(၁)လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တရားခံ (၆)ဦးမှာ မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင်မြို့ မင်းသီဟ လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်အား CCTV ကြည့်ချင်လို့ဟုပြောဆိုကာ အိမ်ထဲဝင်ရောက်၍ ရွှေထည်ပစ္စည်းများနှင့် ဖုန်း(၁)လုံး၊ မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံတန်းကျေးရွာထိပ်တွင် အမျိုးသမီး(၁)ဦး မောင်းနှင်ပြီး အမျိုးသမီး(၂)ဦး စုစုပေါင်း (၃)ဦးလိုက်ပါလာသော Honda Fit အမျိုးအစား ခဲရောင်ယာဉ်(၁)စီးအား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့ကြသည်။ ဆက်လက်၍ တရားခံများသည် HONDA FIT အမျိုးအစား ခဲရောင်ယာဉ်၊ MARK-II ယာဉ်(၂)စီးတို့ကို အသုံးပြု၍ မိုးညှင်းမြို့၊ မြို့ပါတ်လမ်းတွင် အမျိုးသား(၁)ဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ ဓါးဖြင့်ထိုးသတ်ခဲ့သည်။ ယင်းတရားခံများသည် မိုးညှင်ခရိုင်အတွင်း၌ ၂၀၂၄ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း၌ လုယက်မှု (၅)မှု၊ ဓါးပြမှု (၁)မှု၊ အကြမ်းဖက်မှု (၂)မှု၊ လူသတ်မှု (၁)မှု၊ စုစုပေါင်းအမှု (၉)မှုမှ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ကျားတရားခံ (၆)ဦး၊ သက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ မ တရားခံ (၂)ဦး စုစုပေါင်း (၈)ဦးတို့အား ဖမ်းဆီးရမိထားပြီး လက်ကိုင်ဖုန်း (၅)လုံး၊ မော်တော်ယာဉ် (၄)စီး၊ ရွှေ (၂၂)ကျပ်သား၊ လုယက်၍ရရှိသောငွေဖြင့် ဝယ်ယူထားရှိသည့် ဆိုင်ကယ် (၅)စီး၊ MA-1 သေနတ် (၁)လက်နှင့် ဆက်စပ်ပစ္စည်းများ၊ ကျည်ကာအင်္ကျီ (၂)ထည်၊ ပြောက်ကျားယူနီဖေါင်း (၅)စုံ၊ လက်လုပ်သေနတ် (၂)လက်၊ ဓါးမြှောင် (၁)ချောင်းတို့အား တရားခံများထံမှ သိမ်းဆည်းထားပြီး သက်သေခံပစ္စည်းများအား ပိုင်ရှင်ဖြစ်သူများထံ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ မှုခင်းများဖေါ်ထုတ်နိုင်ရေး မိဘပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ထည့်သွင်းပြောဆိုသည်။အဆိုပါ လူသတ်၊ လုယက်၊ ဓါးပြတိုက်မှုများ ကျူးလွန်ခဲ့သည့် တရားခံ (၆)ဦးနှင့် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံ (၂)ဦး၊ စုစုပေါင်း (၈)ဦးတို့အား မိုးညှင်းမြို့မရဲစခန်းမှ (ပ)/၁၆၇/၂၀၂၅ ၊ ရာဇသတ်ကြီး ပုဒ်မ(၃၉၂/၁၁၄) ၊ (ပ)/၂/၂၀၂၆ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၄) ၊ ဟိုပင်နယ်မြေရဲစခန်း (ပ) ၃/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ၊ ဟိုပင်နယ်မြေရဲစခန်း (ပ) ၁၄/၂၀၂၆ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ၊ နန်းမာနယ်မြေရဲစခန်း (ပ) ၄/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ဟိုပင်နယ်မြေရဲစခန်း (ပ) ၁၆/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ တို့ဖြင့် အသီးသီး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



