မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်ရက်တည်းမှာပဲ တစ်လီတာကို ကျပ် ၅၀၀ ကနေ ကျပ် ၈၀၀ ကျော်အထိ ဈေးပိုနေပြီး ဈေးနှုန်း အတက်ကြမ်းနေတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။မတ်လ ၁၂ ရက်နေ့က 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ၂,၉၅၅ ကျပ်သာရှိရာမှ မတ်လ ၁၃ ရက်နေ့မှာတော့ တစ်လီတာကို ကျပ် ၃,၄၇၀ အထိ ဈေးနှုန်းမြင့်တက်သွားတာ ဖြစ်ပါတယ်။92 အမျိုးအစား ဓာတ်ဆီကလည်း တစ်လီတာကို ၂၈၇၅ ကျပ်ကနေ ကျပ် ၃၃၃၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ပရီမီယံ ဒီဇယ်ဆီကလည်း တစ်လီတာကို ၃,၄၁၀ ကျပ်ကနေ ၄,၂၂၅ ကျပ်အထိ ဈေးနှုန်း ထိုးတက်သွားတာဖြစ်ကာထူးခြားမှုအနေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်နဲ့ ဘားအံ 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ၃,၀၀၀ ဝန်းကျင်နဲ့ 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ကျပ် ၃,၀၀၀ အောက်မှာသာ ရှိနေတာပါ။စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကတော့ မွန်ပြည်နယ် စက်သုံးဆီဈေးနှုန်း တခြားဒေသတွေထက် ပိုမိုမြင့်တက်နေရတာဟာ မွန်ပြည်နယ်စက်သုံးဆီတင်သွင်းသူတွေကို ဒေါ်လာ မရောင်းပေးတာကြောင့်လို့ ပြောပါတယ်။ လက်ရှိ စက်သုံးဆီ ရှားပါးတဲ့ ကာလမှာ တခြား ဒေသတွေ နည်းတူ စက်သုံးဆီ ဈေးနှုန်း အများကြီး ကွာဟမှု မရှိဖို့ အတွက်ဆိုရင် ဒီကာလမှာ စက်သုံးဆီ တင်သွင်းသူတွေကို ဒေါ်လာ ရောင်းချပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။စက်သုံးဆီဈေးနှုန်း မြင့်တက်လာပေမယ့် လိုသလောက် ဝယ်ယူလို့ မရဘဲ ဆိုင်ကယ် တစ်စီးကို ကျပ် ၅,၀၀၀ ဖိုး၊ သုံးဘီးနဲ့ အိုးဝေကို ကျပ် ၁၀,၀၀၀ ဖိုး၊ အိမ်စီးကားကို ကျပ် ၃၀,၀၀၀ ဖိုး၊ ခရီးသည်တင်ယာဉ်၊ Light Truckနဲ့ ကုန်ကားတွေကို ဒီဇယ်ဆီ ကျပ်တစ်သိန်း ဖိုး၊ ပရီမီယံဒီဇယ်ကားတွေကို နံပါတ်အနီဆို ကျပ် ၄၀,၀၀၀ ဖိုးနဲ့ နံပါတ်အနက်ဆို ကျပ် ၃၀,၀၀၀ ဖိုးသာ ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ရောင်းချပေးတဲ့ နေရာမှာလည်း မတ်လ ၇ ရက်နေ့ကစပြီး စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါတဲ့ မော်တော်ယာဉ်တွေကိုသာ ရောင်းချပေးသလို မရက်တွေမှာတော့ မနံပါတ် အက္ခရာပါတဲ့ မော်တော်ယာဉ် တွေကိုသာ ရောင်းချပေးပြီး ပုံတွေ၊ ပေပါတွေကိုတော့ လုံးဝ ရောင်းချပေးတာ မရှိဘူးလို့ သိရပါတယ်။



