ယခုနောက်ပိုင်းတွင် အယောင်ဆောင်ပရဟိတများမှာ များပြားလာပြီး အမှန်တကယ် ပရဟိတလုပ်ကိုင်သူများအပေါ် ထိခိုက်သက်ရောက်မှုများကြုံလာရကြောင်း ရန်ကုန်အခြေစိုက် ပရဟိတအသင်းကြီးတစ်ခု တာဝန်ရှိသူက ပြောသည်။အဆိုပါ အယောင်ဆောင်လုပ်ကိုင်သူများမှာ အခကြေးငွေသတ်မှတ်ချက်မျိုးဖြင့်သာ ဝန်ဆောင်နေကြပြီး အမှန်တကယ် လုပ်ကိုင်နေသော ပရဟိတသမားကြား၌ ရောနှောလုပ်ကိုင်လာကြခြင်းလည်းဖြစ်သည်။ဆေးရုံပြောင်းဖို့ ambulance ကားလိုတော့ လူငယ်လေးတစ်ဦးက ကူညီပေးရမလားဆိုပြီး လာမေးတယ်၊ ပရဟိတသမားတွေ ဝတ်တဲ့ဝတ်စုံမျိုးနဲ့ဆိုတော့ ဆီဖိုးအလှူငွေပဲထည့်ရမှာလားဆိုတော့ မဟုတ်ဘူးတဲ့၊ ကားငှားခတစ်သိန်းတော့ ပေးရမယ်ဆိုပြီး ပြောလာတော့ အံ့ဩသွားတယ်၊ လက်မောင်းတံဆိပ်မှာလည်း တစ်ဖက်မှာ Rescue တော့ရေးထားတယ်၊ နောက်တစ်ဖက်က ဘာအသင်းလဲတော့မသိဘူး၊ စာလုံးသေးသေးလေး တွေနဲ့ဆိုတော့ သေချာမဖတ်မိဘူး၊ အဲဒါနဲ့ပဲ ကိုယ်နဲ့သိတဲ့ ရပ်ကွက်ထဲက ပရဟိတအသင်းတစ်ခုဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းတော့ တစ်ကျပ်တစ်ပြားမှ မပေးရဘဲ လာကူညီပြီးသယ်ပေးသွားတယ်”ဟုလည်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောသည်။ထိုကဲ့သို့သော အယောင်ဆောင်လုပ်ကိုင်သူများမှာ အမှန်တကယ်လုပ်ကိုင်နေသည့် ပရဟိတသမားဝတ်ဆင်သော တူညီဝတ်စုံများကို ဝတ်ဆင်ထားခြင်းများရှိပြီး Rescue ဟုရေးသားထားသော အမှတ်တံဆိပ်များကို တပ်ဆင်ထားကြောင်း၊ ဆေးရုံအနီးတစ်ဝိုက်နှင့် အရေးပေါ်ကုသရေးဌာန၊ ပြင်ပလူနာဌာနတို့အနီးတွင် ပရဟိတအဖြစ်အယောင်ဆောင်သူများကို တွေ့ရလေ့ရှိပြီး သွေးလိုအပ်ပါကလည်းကောင်း၊ ဆေးရုံဆင်းလူနာများကို သယ်ယူရာတွင်လည်းကောင်း၊ ဆေးရုံမှ ရွှေ့ပြောင်း ရာတွင်လည်းကောင်း အခမဲ့ကူညီပေးသလိုဖြင့် ငွေကြေးတောင်းခံခြင်းများလည်းရှိနေကြသည်။



