မန္တလေးကျောက်ဈေးကွက်အတွင်း ပုံမှန်လာရောက်ဝယ်ယူကြသည့် ပြည်ပအဝယ်တော်များ လာရောက်မှုမရှိသေးခြင်းကြောင့် ကျောက်အရောင်းအဝယ်ဖြစ်မှု နည်းပါးလျက်ရှိကြောင်း ဒေသခံကျောက်သမားများထံမှ သိရသည်။တရုတ်နှစ်သစ်ကူးကာလအတွင်းထောင်နှင့်ချီသော တရုတ်လူမျိုးကျောက်အဝယ်တော်များမှာ မွေးရပ်မြေ တရုတ်ပြည်မကြီးသို့ ပြန်သွားခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်ထိမန္တလေးသို့ပြန်လည်ရောက်ရှိလာမှုမရှိသေးခြင်းမျိုး ကြုံလာခဲ့ကြသည်။ တရုတ်နိုင်ငံမှကျောက်လုပ်ငန်းရှင်များသည် တရုတ်လူမျိုးအဝယ်တော်များကို မန္တလေးကျောက်ဈေးကွက်အတွင်းစေလွှတ်၍ ကျောက်ဝယ်ယူမှုများကို ယခုနောက်ပိုင်း၌ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အဝယ်တော်စုစုပေါင်း ၃,၀၀၀ မှ ၅,၀၀၀ အထိရှိလာခဲ့ကြောင်း ကျောက်သမားများထံမှ သိရသည်။ လက်ရှိအချိန်တွင် မန္တလေးမြို့၌ မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များကို သွားလာခွင့်ရက်ကန့်သတ်မှုများ စတင်လုပ်ဆောင်လာမှုကြောင့် ဒေသခံကျောက်သမားများလည်း ကျောက်ဝိုင်းသို့လာရောက်ရောင်းချမှုများ သိသိသာသာလျော့နည်းသွားခဲ့ကြောင်း သိရသည်။



