back

မြန်မာနိုင်ငံတွင် သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေးချိန်များခြင်း ကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစု ပိုမိုမြင့်တက်လာတာကို တွေ့ရှိရဟုဆို

Mar 12 • 5:38 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနိုင်ငံတွင် သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေးချိန်များခြင်း ကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစု ပိုမိုမြင့်တက်လာတာကို တွေ့ရှိရဟုဆို

ပြည်သူလူထုအတွင်း သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေးချိန်များခြင်း ကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစုသည် ပိုမိုမြင့်တက်လာသည်က...

ပြည်သူလူထုအတွင်း သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေးချိန်များခြင်း ကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစုသည် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မတ်လ ၁၁ ရက်က ပြုလုပ်တဲ့ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်းအခမ်းအနားမှာ ပြောကြားထားပါတယ်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်သည့်အခါ သွေးတိုးရောဂါ ဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုတို့မှာ အနည်းငယ်လျော့ကျလာပြီး ပြည်သူလူထုအတွင်း အခြေခံဆေးဝါးများ ရရှိမှုအခြေအနေ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရသော်လည်း အထက်ပါ ရောဂါများ ဖြစ်ပွားနိုင်ခြေကတော့ ပိုမိုမြင့်မားလာတာကို တွေ့ရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာရောဂါအစရှိသည့် မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၃ သန်းကျော် သေဆုံးနေရပြီး အဆိုပါသေဆုံးမှုများ၏ ၈၀ ရာခိုင် နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကာ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း စသည့် အကြောင်းရင်းများကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် အဆီဓာတ်များခြင်း၊ အဝလွန်ခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေများ မြင့်မားလာစေတာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ရောဂါဖြစ်ပွားလာပါက ကုသစရိတ်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား ကျခံသုံးစွဲရခြင်း၊ ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းများကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့်အတားဖြစ်စေပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှု မြင့်တက်လာခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာတယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါ တယ်။ဗဟိုအဆင့် ဆေးရုံကြီးများမှ ကျေးလက်ကျန်းမာရေး ဌာနခွဲများအထိ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရေးအတွက် ရောဂါစစ်ဆေးပေးခြင်းနှင့် ရောဂါဖြစ်ပွားပါက ထိရောက်သော ကုသမှုပေးခြင်းကို ပြည်သူလူထုတစ်ရပ်လုံး လက်လှမ်းမီနိုင်စေရန်နှင့် ပြည်သူများ စိုက်ထုတ်ကျခံသုံးစွဲရမှု လျော့နည်းစေရေး နိုင်ငံတော်မှ အထူးအလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်း သုတေသနကို မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စတင်၍ ၂၀၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် သုတေသနအပါအဝင် စုစုပေါင်း လေးကြိမ်ဆောင်ရွက်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

36