ထိုင်းမိုးလေဝသဌာနက ဒီနေ့ မတ်လ ၁၂ ရက်မှာ နွေရာသီမုန်တိုင်းတွေကြောင့် ထိုင်းနိုင်ငံတစ်ဝန်းမှာ ရာသီဥတုဆိုးရွားနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။ မိုးရွာသွန်းမှု အဆိုးဆုံးဖြစ်နိုင်ပြီး မိုးသက်လေပြင်းကျတာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ ဒီနေ့အတွက် နေ့လယ်ပိုင်းမှာ ပူပြင်းမယ့်အပြင် မိုးကြိုးပစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ရှိနေပါတယ်။ မြောက်ပိုင်းကနေစပြီး နိုင်ငံရဲ့ အထက်ပိုင်းဒေသတွေ အားလုံးကို ဒီမုန်တိုင်း အကျိုးသက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ဘန်ကောက်မြို့ရဲ့ အပူချိန်ဟာ အနိမ့်ဆုံး ၂၆ ဒီဂရီဆဲလ်စီးယပ်စ်ကနေ အမြင့်ဆုံး ၃၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်ပါတယ်။ ဒီလို ရာသီဥတုဖြစ်ပေါ်ရတာဟာ မြန်မာနိုင်ငံဘက်က လာတဲ့ အနောက်လေလှိုင်းနဲ့ တရုတ်နိုင်ငံဘက်က ရွေ့လျားလာတဲ့ လေအေးတွေ ဆုံတွေ့ကြတာကြောင့် ဖြစ်ပါတယ်။ဘန်ကောက်မြို့အပြင် တခြားဒေသတွေဖြစ်တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာလည်း မိုးသည်းထန်တာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေကို ခံစားရနိုင်ပါတယ်။ တောင်ပိုင်းဒေသတွေမှာတော့ ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်က လေတွေကြောင့် နေရာကွက်ကျား မိုးကြီးနိုင်ပြီး လှိုင်းအမြင့် ၂ မီတာကျော်အထိ မြင့်တက်နိုင်ပါတယ်။အဲဒီလို ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။ လေပြင်းတိုက်ခိုက်ချိန်မှာ ကွင်းပြင်တွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အအုံတွေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေအောက် သွားလာတာကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံတွေ မပျက်စီးအောင် ကြိုတင်ပြင်ဆင်ထားသင့်သလို ပင်လယ်ပြင် သွားလာသူတွေကလည်း မိုးသက်မုန်တိုင်းရှိတဲ့ နေရာတွေကို ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။



