ထိုင်းနိုင်ငံသို့ တင်ပို့မည့် ပြောင်းများအတွက် “မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့”ဖြင့် ထောက်ခံချက်များကို စိစစ်ခွင့်ပြုထုတ်ပေးနေတယ်လို့ သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မည့် လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ ပြောင်းတင်ပို့နိုင်ရေး ရည်ရွယ်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရချင်း အသိအမှတ်ပြုမည့် “မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့”ကိုဖွဲ့စည်းထားပြီး မီးခိုမြူကင်းစင်ကြောင်း ထောက်ခံချက်အား မတ်လ ၃ ရက်နေ့မှစ၍ စိစစ်ခွင့်ပြုထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ပြောင်းလုပ်ငန်းရှင်များအနေဖြင့် ထောက်ခံချက်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန်နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ထံသို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းစိုက်ဧက ၂ သန်းကျော်ရှိကာ တစ်နှစ်လျှင် တန်ချိန် ၃ သန်းကျော်ထွက်ရှိပြီး ပြည်တွင်း သုံးစွဲမှု ၁ သန်းကျော်နှင့် ပြည်ပသို့ နှစ်စဉ် တင်ပို့မှု ၂ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံသို့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့်ရရှိထားပြီး လက်ရှိ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ပြောင်းဆန် တန်ချိန် ၂ သန်းလောက် တင်ပို့ရန် လျာထားတယ်လို့လည်း အဆိုပါ အသင်းမှ သိရပါတယ်။



