မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက်နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုကြောင့် မိုင်းနားကျေးရွာနှင့် စီတာပူ၊ သီတာအေးရပ်ကွက်များရှိ သောက်သုံးရေတွင်းအချို့ ရေခမ်းခြောက်မှုကြုံတွေ့နေကြရကြောင်း သိရသည်။ လက်ရှိအချိန်တွင် စက်ယန္တရားကြီးများအပြင် ဒေသခံများကလည်း စက်ငယ်များနှင့် တစ်နိုင်တစ်ပိုင်တူးဖော်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယခုကဲ့သို့ရွှေတူးဖော်ခြင်း မပြုလုပ်သေးသည့်အချိန်များတွင် တွင်းရေများ ယခုကဲ့သို့ ခမ်းခြောက်လေ့မရှိကြောင်း သိရပါသည်။ ဗလမင်းထင်တံတားအောက်တွင် ရွှေတူးဖော်ခြင်းမှ ထွက်လာသည့် သဲ၊ ကျောက်များကိုလည်း ကားကြီးများဖြင့် သယ်ထုတ်နေပြီး လမ်းတွင်ဖုန်ထူးခြင်းနှင့်လမ်းများပျက်စီးခြင်းတို့ကိုကြုံတွေ့နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။



