ဂျပန်နိုင်ငံ၊ တာကာမာဆုမြို့မှာ မြန်မာနိုင်ငံသား အလုပ်သင်တစ်ဦး ဖော့ကလစ်ယာဉ်ပိမိပြီး သေဆုံးခဲ့ရတဲ့ လုပ်ငန်းခွင် မတော်တဆမှုနဲ့ပတ်သက်လို့ သူ့ရဲ့အလုပ်ရှင်ကို စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့က တာကာမာဆုမြို့၊ ကိုနန်းချိုမှာရှိတဲ့ လုပ်ငန်းခွင်တစ်ခုအတွင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အလုပ်သင်တစ်ဦးဟာ ၁.၅ တန် အလေးချိန်ရှိတဲ့ ဖော့ကလစ်ကို မောင်းနှင်နေရင်း ယာဉ်တိမ်းမှောက်ပြီး ပိမိလို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသက် ၇၈ နှစ်အရွယ် အလုပ်ရှင် နွားမွေးမြူရေး လုပ်ငန်းရှင် အမျိုးသားတစ်ဦးကို အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ တာကာမာဆု အလုပ်သမားစံနှုန်းကြီးကြပ်ရေးရုံးကနေ စွဲချက်တင်ပြီး ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးကို လွှဲပြောင်းပေးလိုက်ပါတယ်။ လက်ရှိအချိန်အထိတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် သက်ဆိုင်ရာ အလုပ်ရှင်ရဲ့ အပြစ်ရှိ၊ မရှိ ထွက်ဆိုချက်တွေကိုတော့ အလုပ်သမားစံနှုန်းကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။



