ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ ရွှေဂူတောင်ရွာ၊ ရွှေဂူတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသုမနသည် မတ်လ ၇ ရက် ညပိုင်းက ကျောင်းတိုက်၌ပင် သက်တော် ၉၄ နှစ် (လူကြီးရောဂါ) ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း တပည့်ဒါယကာ၊ ဒါယိကာမများထံမှ သိရသည်။ရွှေဂူတောင်ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါရှိပြီဖြစ်ပြီး ရွှေဂူတောင်ပေါ်၌ နှစ်ပေါင်း ၇၀ ခန့် သီတင်းသုံးခဲ့သည်။ဆရာတော်သည် လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာဇာတိဖြစ်ပြီး "ရှင်ကိုးရှင်" စာရင်းဝင် ရှင်မော်တောင်တက်ကားလမ်းနှင့် မြင့်မိုရ်လက်ခတ်ဘုရား တောင်တက်ကားလမ်းများကို စတင်ဖောက်လုပ်ခဲ့သည့် ဆရာတော်ဖြစ်ကြောင်း တပည့်ဒါယကာများထံမှ သိရသည်။ ရွှေဂူတောင်ဆရာတော်၏ ရုပ်ကလာပ်ကို ကျောင်းတိုက်တွင် ၉ ရက်ကြာ အပူဇော်ခံထားရှိမည်ဖြစ်ပြီး၊ ရွှေဂူတောင်ဘုရား ပုရဝဏ်အတွင်း၌ပင် ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဈာပနစီစဉ်သူများထံမှ သိရသည်။



