တာချီလိတ်လေဆိပ်ရှိ ပို့ဆောင်ဆက်သွယ်ရေး မန်နေဂျာဖြစ်သူသည် ကုန်စည်ပို့ဆောင်ခ (တန်ဆာခ) များကို အဆမတန် ကောက်ခံနေသည့်အပြင်၊ နိုင်ငံခြားသားအချို့ကို အစစ်အဆေးမခံရစေရန် VIP အခန်းမှတစ်ဆင့် အခကြေးငွေယူ၍ လေယာဉ်ပေါ် တင်ပေးနေကြောင်း သိရသည်။လေဆိပ်မှတစ်ဆင့် ပို့ဆောင်သည့် ကုန်စည် (Cargo) ပစ္စည်းများနှင့် ပတ်သက်၍ ပို့/ဆက် မန်နေဂျာက လက်ဝါးကြီးအုပ်ထားပြီး၊ အခြားသူများ၏ ကုန်စည်များကို တင်ဆောင်ခွင့်မပေးဘဲ ပစ္စည်းအမျိုးအစားပေါ် မူတည်ကာ တစ်ကီလိုလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ သတ်မှတ်ချက်ထက် ကျော်လွန်ကောက်ခံနေခြင်း ဖြစ်သည်။လေဆိပ် VIP အခန်းမှတစ်ဆင့် လေယာဉ်ပေါ် တက်ရောက်သူများကို မှတ်ပုံတင် စစ်ဆေးခြင်း မရှိသည့်အတွက် အချို့သော အထောက်အထားမဲ့ နိုင်ငံခြားသားများသည် မန်နေဂျာကို ငွေကြေးပေးကာ ခရီးသွားလာနေကြခြင်း ဖြစ်သည်။အထူးသဖြင့် မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် (Passport) အတုများ ကိုင်ဆောင်ထားပြီး မြန်မာစကား မပြောတတ်သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ နိုင်ငံခြားသားများသည် VIP အခန်း အသုံးပြုခအဖြစ် တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။ ထို့ပြင် ဒေသတွင်း လုပ်ငန်းရှင်များကလည်း တစ်ကြိမ်လျှင် ဘတ် ၂,၀၀၀ မှ ၅,၀၀၀ အကြား ပေးဆောင်ကာ အဆိုပါ အခန်းကို အသုံးပြုနေကြရသည်ဟု ဆိုသည်။



