မီဇိုရမ်ပြည်နယ် Siaha ခရိုင်တွင် အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့က ချင်းအမျိုးသားတစ်ဦးထံမှ လေသေနတ် ၁၉ လက်နှင့် ကျည်ဆံများ မတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့က Siaha ခရိုင် Niawhtlang မှာ ကားတစ်စီးကို သင်္ကာမကင်းဖြစ်၍ ရပ်တန့် စစ်ဆေးရာမှာ ချင်းပြည်နယ် မတူပီဒေသခံ အသက် ၃၆ နှစ်အရွယ် Khar Lian ထံမှ အဆိုပါလက်နက်များကိုဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်း Bengvarna သတင်းဌာနကဖော်ပြသည်။ အဆိုပါကားထဲမှ NX200 4.5mm Air Rifles (လေသေနတ်) ၁၈ လက်၊ PX100 4.5mm Air Rifle (လေသေနတ်) ၁ လက်၊ လေသေနတ်ကျည် ၇၅၀၀၀၊ မှန်ပြောင်း ၁ လက်၊ Nitor Piston ၁ ခု၊ လေသေနတ်မှာအသုံးပြုမည့် Spring တစ်ခုနှင့် ဖုန်းတစ်လုံးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။ Khar Lian နှင့် ယင်းလက်နက်ပစ္စည်များကို Siaha မြို့ရဲစခန်းတွင် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။



