ယနေ့တနင်္ဂနွေနေ့အစောပိုင်းက အော့စလိုမြို့ရှိ အမေရိကန်သံရုံးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နံနက် ၁ နာရီခန့်တွင် အော့စလိုမြို့အနောက်ပိုင်းရှိ သံရုံးဝင်းအနီးမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံကို ကြားခဲ့ရပြီး ယင်းနေရာမှ မီးခိုးများထွက်ပေါ်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
"အမေရိကန်သံရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို ကျနော်တို့ အတည်ပြုနိုင်ပါတယ်" ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မီကာရယ် ဒယ်လမီယာ က ပြည်သူ့ရုပ်သံလွှင့်ဌာန NRK သို့ ပြောကြားခဲ့ပြီး အဆိုပါပေါက်ကွဲမှုသည် ကောင်စစ်ဝန်ရုံးဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကျူးလွန်သူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေပြီး အဆိုပါနေရာတစ်ဝိုက်တွင် နောက်ထပ်ပေါက်ကွဲစေတတ်သော ပစ္စည်းများကို မတွေ့ရကြောင်း ဒယ်လမီယာ က ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က သံရုံးနဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်နေပြီး ထိခိုက်ဒဏ်ရာရသူရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေတော့ မရှိသေးပါဘူး" ဟု အော့စလိုရဲတပ်ဖွဲ့က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ပုံမှန်ရုံးချိန်ပြင်ပဖြစ်သောကြောင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို သံရုံးဘက်က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။



