စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ညဈေး (Night Market) ကို ယနေ့ မတ် ၈ ရက်၊ ညပိုင်းမှာ ဖွင့်ပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။Night Market အတွက် မြို့အရှေ့ဘက် ကန်သာယာ တောင်ဘက်ကွင်းထဲမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ထားပြီး အပန်းဖြေလိုသူတွေနဲ့ ညဘက် စျေးဝယ်လိုသူတွေအတွက် ရည်ရွယ်တာဖြစ်ကာ ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။လက်ရှိ မုံရွာမြို့မှာ အရင်ကတည်းကရှိတဲ့ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး၊ အောင်ချမ်းသာစျေး ရှိပေမယ့် အဲဒီစျေးတွေဟာ နေ့ဘက်မှာသာ ဖွင့်လှစ်ပေးတာကြောင့် နေ့ပိုင်းမှာ အလုပ်လုပ်နေရသူတွေ၊ ဝန်ထမ်းတွေ၊ နေ့ပိုင်း မအားလပ်သူတွေအတွက် စျေးဝယ်ယူနိုင်ဖို့ အခက်အခဲ ရှိနေတာကြောင့် အခုလို ညဈေး ဖွင့်လှစ်ပေးဖို့ စီစဉ်တာလို့ သိရပါတယ်။



