၂၀၂၆ ခုနှစ်၊ မတ်လ၊ ၇ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ စင်ကာပူနိုင်ငံ Killiney Road မှာရှိတဲ့ Royal Secrets Wellness အမည်ရှိ အလှပြင်ဆိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရုတ်တရက်ကြီး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပါတယ်လို့ သိရပါတယ်။ ဒီလိုကြိုတင်အကြောင်းမကြားဘဲ ပိတ်လိုက်တာကြောင့် ကြိုတင်ငွေပေးချေပြီး ဝယ်ယူထားတဲ့ ပက်ကေ့ချ်တွေကို အသုံးမပြုရသေးတဲ့ အလှပြင်ဆိုင်ရဲ့ ဖောက်သည်အများအပြားဟာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်လို့ ဆိုပါတယ်။စင်ကာပူနိုင်ငံရဲ့ စားသုံးသူရေးရာအဖွဲ့ (CASE) ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နေ့အထိ နစ်နာသူတွေဆီက တိုင်ကြားချက်ပေါင်း ၁၅ ခု လက်ခံရရှိထားပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကတော့ စင်ကာပူဒေါ်လာ ၁၅၃,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းမှာမှ Facebook စာမျက်နှာကနေတစ်ဆင့် ဆိုင်ပိတ်တော့မယ်လို့ ကြေညာခဲ့တာဖြစ်ပြီး ဆုံးဖြတ်ရခက်ခဲတဲ့အခြေအနေမို့လို့ ဖောက်သည်တွေကို တောင်းပန်ကြောင်း ရေးသားထားတာ တွေ့ရပါတယ်ရှင်။လက်ရှိမှာတော့ အဆိုပါဆိုင်ဟာ တခြားသော အလှပြင်ဆိုင်တချို့နဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ ဖောက်သည်တွေကို ကူညီပေးဖို့ ကြိုးစားနေတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ နစ်နာသူတချို့ရဲ့ ပြောပြချက်အရ အသုံးမပြုရသေးတဲ့ လက်ကျန်ငွေတွေကို တခြားဆိုင်ကို လွှဲပြောင်းရာမှာ ကန့်သတ်ချက်တွေ အများကြီးရှိနေပါတယ်ရှင်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ ဝယ်ယူထားတဲ့ ပက်ကေ့ချ်တွေကိုပဲ လွှဲပြောင်းပေးမှာဖြစ်ပြီး အများဆုံး ဒေါ်လာ ၁,၀၀၀ အထိပဲ လွှဲပြောင်းလို့ရမယ်ဆိုတဲ့ အချက်တွေကြောင့် ဖောက်သည်တွေက မကျေမနပ် ဖြစ်နေကြပါတယ်။



