ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နမ (၁၉)၊ နမ့်ကျန်လမ်းနှင့် လမ်းသွယ်(၂)လမ်း ထောင့်ရှိ "ကျိန်တက်" ကုန်စုံဆိုင်မှ ပြန်ပေးဆွဲခံခဲ့ရသော အမျိုးသမီးငယ်ကို ၂ ရက်အတွင်း ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ကပြောပါတယ်။ အဆိုပါပြန်ပေးဆွဲခံခဲ့ရသူ အမျိုးသမီး မယဉ်ယဉ်ထွန်းသည် နေအိမ် ဈေးဆိုင်တွင် ဆိုင်ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ယာဉ်အမှတ် 4l-1401 CROWN Athalatte ယာဉ်ဖြင့် မျက်နှာဖုံး Mask တပ်ဆင်ထားသူ အမျိုးသား ၄ ဦးမှ သေနတ်ထောက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ ခေတ္တခိုအောင်း လျက်ရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၆)၊ နမ့်သျှိုလမ်း၊ အိမ်အမှတ် (၆)သို့ စီးနင်းဝင်ရောက်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူ တရားခံ လောင်အေး(ခ) လောက်အဲ ၃၃နှစ်အား ဖမ်းဆီးနိုင်ခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသည့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ထောင်ချောက်ဆင် ခေါ်ယူချိန်းဆိုခဲ့ရာ ဖေဖော်ဝါရီ ၂၇ရက် နေ့လယ် ၁၁နာရီခန့်တွင် လားရှိးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၅)၊ လားရှိုးလမ်းမကြီးမှ ဟက်ကာကျေးရွာသွားရာလမ်းဆုံ၌ ဇေယျာအောင်၊ ၂၈ နှစ်အား လည်းကောင်း၊ စိမ်းလဲ့ညို တည်းခိုခန်း၌ တူးဂျာ(၃၀)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။



