အီရန် စစ်ပွဲကြောင့် 2026ရဲ့မတ်လမှာ ကမ္ဘာ့ ရေနံဈေး ထပ်မံ မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ပါတယ်။အမေရိကန် အလုပ်အကိုင် ဈေးကွက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို တင်ပြမှု အားနည်းတာကြောင့် အစုရှယ်ယာ ဈေးနှုန်းတွေလည်း အောက်တိုဘာ နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။ပင်လယ်ကွေ့ဒေသတဝှမ်း အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုနဲ့ အီရန်ရဲ့ လက်စားချေ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်နဲ့ ပို့ဆောင်ရေးကဏ္ဍ ကမောက်ကမ ဖြစ်နေပြီး ဟောမု့ဇ် ရေလက်ကြားမှာ လှုပ်ရှားသွားမှုများ အားလုံးနီးနီး ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။သမ္မတ ဒေါ်နယ် ထရန့်ကတော့ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို မကြာခင် အမေရိကန်က လိုက်ပါ စောင့်ကြပ်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။နိုင်ငံတကာ စံနှုန်း အတိုင်းရောင်းချတဲ့ Brent ရေနံစိမ်း ဈေးနှုန်းဟာ ၁ စည်ကို အမေရိကန် ဒေါ်လာ ၉၂ ဒသမ ၆၉ အထိ ရှိလာပြီး တစ်ရက်တာ အတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်သလို တစ်ပတ်တာအတွက် ၃၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။အီရန်အနေနဲ့ လုံးဝခြွင်းချက်မရှိ လက်နက်ချမှပဲ အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဒေါ်နယ် ထရန့်က ပြောကြားပြီးနောက်မှာ ရေနံဈေး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။



