အိန္ဒိယသိပ္ပံပညာရှင်တွေက လပေါ်မှာ ရတနာတူးလို့ရမယ့် နေရာကောင်းတစ်ခုရှာဖွေနေရာ လတောင်ဝင်ရိုးစွန်းအနီး Mons Mouton နေရာမှ MM-4 လို့ခေါ်တဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
အိန္ဒိယရဲ့ နောက်ထပ်အာကာသခရီးစဉ်ကြီး Chandrayaan-4 က ၂၀၂၈ ဝန်းကျင်မှာ ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။ Mons Mouton ဟာ တောင်တန်းလို မြေမြင့်နေရာတစ်ခုဖြစ်ပြီး ရေခဲနဲ့ ဘေးကင်းစိတ်ချရတဲ့ မြေပြင်ရှိနိုင်တာကြောင့် အနာဂတ်မှာ အာကာသလုပ်ငန်းများအတွက် အရေးပါပါတယ်။
အခြားခရီးစဉ်တွေနဲ့မတူတာက Chandrayaan-4 ဟာ လမြေဆီနဲ့ ကျောက်တုံးအပိုင်းအစတွေကို အမှန်တကယ် ကောက်ယူပြီး ကမ္ဘာပေါ်သို့ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒီနမူနာတွေကို အိန္ဒိယသိပ္ပံပညာရှင်တွေက အဏုကြည့်မှန်ပြောင်းအောက်မှာ တန်ဖိုးကြီး ကျောက်မျက်တွေကို စစ်ဆေးသလိုမျိုး လေ့လာသွားမှာ ဖြစ်ပါတယ်။


