အရှေ့အလယ်ပိုင်းဒေသ ရေနံထုတ်လုပ်သူနိုင်ငံများမှ ရေနံများ အီရန်စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြားဖြတ်ကျော်ဝင်ရောက်နိုင်မှု ကျဆင်းလာသည်ဖြစ်ရာ အာရှမှရေနံ ကုန်သည် များအနေဖြင့် နေရာသစ်များမှရေနံများဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေရကြောင်း မတ် ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အရှေ့အလယ်ပိုင်းဒေသမှ ရေနံဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် သင်္ဘောများသုံးစွဲနေ ကြရသည့် Bunker Fuel ခေါ် သင်္ဘောသုံးလောင်စာဆီတစ်မျိုးလည်း ဈေးနှုန်းမြင့်တက် လာခဲ့ရာ ရေနံသယ်ယူပို့ဆောင်ရေးစရိတ်စကများလည်း ထပ်မံမြင့်တက်လာခဲ့ရသည်။
ပုံမှန်အားဖြင့် ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ အာရှသို့ လစဉ် ဝင်ရောက်လာသော ရေနံစိမ်းပမာဏမှာ ပျမ်းမျှ မက်ထရစ် တန် ၁ဒသမ ၂ သန်း၊တစ်နည်းအားဖြင့် တစ်ရက် လျှင် ရေနံစိမ်းစည် ၂၄၆,၀၀၀ထိ ရှိခဲ့ပြီး ယင်းရေနံစိမ်းများအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိခဲ့သော ရေနံစိမ်းများဖြစ်ကြသည်။
လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသမှ ရေနံများ အဝင် ကျဆင်းလာမှုကြောင့် အာရှ နိုင်ငံများအနေဖြင့် ရေနံစိမ်းများ ဝယ်ယူနိုင်မည့်နေရာအရင်းအမြစ်သစ်များကို အပူတပြင်း ရှာဖွေနေကြောင်း သိရသည်။အဆိုပါနေရာသစ်များထဲတွင် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ဗင်နီဇွဲလား နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။အလားတူ အာရှရေနံကုန်သည်များအနေဖြင့် အနောက်အုပ်စု နိုင်ငံများမှလည်း ရေနံများဝယ်ယူနိုင်ရေးအတွက် မျှော်လင့်လျက်ရှိသည်။ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်း သတင်းအရင်းအမြစ် များ၏အဆိုအရ လက်ရှိ ကာလအတွင်း ဟော်မုဇ်ရေလယ်ကြားအား ရေနံတင်သင်္ဘောများဖြတ်သန်း နေမှုနှုန်းမှာ ပြီးခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။



