အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်နဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုတွေ ကြီးမားစွာ ပြတ်တောက်သွားပြီး ရေနံစိမ်းဈေးနှုန်းတွေဟာ တစ်စည်ကို ကန်ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်လာပါတယ်။ အမေရိကန် ရေနံဈေးနှုန်းဟာ တစ်ပတ်အတွင်း ၃၅ ဒသမ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၁၉၈၃ ခုနှစ်နောက်ပိုင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင် မြင့်တက်မှု ဖြစ်လာသလို ကမ္ဘာ့ရေနံစံနှုန်းဖြစ်တဲ့ Brent ရေနံဈေးကလည်း ဧပြီ ၂၀၂၀ နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၂၈ ရာခိုင်နှုန်းလောက် မြင့်တက်ခဲ့ပါတယ်။ဒီစစ်ပွဲကြောင့် ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား မှာ သင်္ဘောသွားလာမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားပါတယ်။ ရေလက်ကြားကို ဆက်ပြီး ပိတ်ထားရမယ်ဆိုရင် လာမယ့်သီတင်းပတ်တွေအတွင်း ရေနံဈေးဟာ တစ်စည်ကို ဒေါ်လာ ၁၅၀ အထိ မြင့်တက်သွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ပြိုလဲသွားစေနိုင်တယ်လို့ ကာတာစွမ်းအင်ဝန်ကြီးက သတိပေးထားပါတယ်။အခုအခြေအနေဟာ နိုင်ငံရေးအရ စိုးရိမ်ရတဲ့ အဆင့်ကနေ လက်တွေ့ လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်လာတဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သင်္ဘောတွေ သွားလာလို့ မရတဲ့အတွက် သိုလှောင်ရုံတွေ ပြည့်လျှံလာပြီး အီရတ်နဲ့ ကူဝိတ် နိုင်ငံတွေမှာ ရေနံထုတ်လုပ်မှုတွေကို စတင် လျှော့ချနေရသလို အမေရိကန် ပြည်တွင်းမှာလည်း ဓာတ်ဆီဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။အမေရိကန်နဲ့ အီရန် စစ်ပွဲဟာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး ရေရှည်စစ်ပွဲ ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ ယာယီမဟုတ်ဘဲ သီတင်းပတ် အတော်ကြာမြင့်လာမယ်ဆိုရင် ဈေးကွက်အတွင်း ကြီးမားတဲ့ ထောက်ပံ့မှု အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ပြီး လာမယ့် ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ရေနံဈေးနှုန်းတွေဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ နဲ့အထက်ကို ရောက်ရှိသွားနိုင်တယ်လို့ စွမ်းအင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။



