မြစ်ကြီးနားမြို့အတွင်း မတ်လ ၄ ရက်နေ့မှစတင်ပြီး စက်သုံးဆီဆိုင်များကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသောကြောင့် ဘက်ထရီဆိုင်ကယ်ဝယ်ယူသူ ပိုမိုများပြားလာကြောင်း သိရသည်။ယမန်နေ့အထိ စက်သုံးဆီဝယ်ယူမှုနှင့် ဘက်ထရီဆိုင်ကယ်ဝယ်ယူမှု များပြားနေဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။ဘက်ထရီဆိုင်ကယ် ဈေးနှုန်းများမှာ အမျိုးအစားပေါ်မူတည်ကာ အနည်းဆုံး ၂၈ သိန်းကျပ်မှ ကျပ်သိန်း ၆၀ ခန့်ထိ ပေါက်ဈေးရှိပြီး အရောင်းဆိုင်ကြီးများတွင်သာ အဝယ်လိုက်နေခြင်းဖြစ်ကာ ဆိုင်ငယ်များတွင် ထူးခြားခြင်းမရှိဘဲ ပုံမှန်အခြေအနေတွင်သာရှိနေကြောင်းသိရသည်။လက်ရှိအချိန် မြစ်ကြီးနားမြို့တွင် စက်သုံးဆီတစ်လီတာကို တစ်သောင်း (၁၀,၀၀၀) ကျပ်ဝန်းကျင်ထိရှိနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြုံခဲ့ရချိန် လမ်းဘေးဈေးဆိုင်များတွင် တစ်လီတာ နှစ်သောင်းကျပ်ခန့်အထိ မြင့်တက်ခဲ့သည်။



