မကြာခင်ကျင်းပတော့မည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရန်ကုန်တွင် ဆေးရုံစာဖြေဌာနလေးခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကျန်းမာရေးကြောင့် ဆေးဝါးကုသမှုခံယူလိုက်ရသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန် ရည်ရွယ်ပြီး ဆေးရုံစာဖြေဌာနများဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။ရန်ကုန်တွင် ယခုနှစ်ဖွင့်လှစ်သွားမည့် ဆေးရုံစာဖြေဌာနကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ အထူးကုဆေးရုံကြီး(ဝေဘာဂီ)တို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေးမြို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)တို့၌ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာစာဘာသာရပ်ကို မတ်လ ၁၁ ရက်၊ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၂ ရက်၊ သင်္ချာဘာသာရပ်ကို မတ်လ ၁၃ ရက်၊ ဓာတု/ပထဝီဝင် ဘာသာရပ်ကို မတ်လ ၁၄ ရက်၊ ရူပဗေဒ/သမိုင်း ဘာသာရပ်ကို မတ်လ ၁၆ ရက်၊ ဇီ၀ဗေဒ/ဘောဂဗေဒ ဘာသာရပ်ကို မတ်လ ၁၇ ရက်တို့တွင် စစ်ဆေးသွားမည်ဖြစ်သည်။



