ထိုင်း စွမ်းအင်ဝန်ကြီး က ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံမှာ လက်ရှိ စက်သုံးဆီ သိုလှောင်ထားမှု ၆၅ ရက်စာနဲ့ အရှေ့အလယ်ပိုင်း ပြင်ပကနေ ထပ်မံရရှိမယ့် ၃၀ ရက်စာ ပေါင်းပြီး စုစုပေါင်း ၉၅ ရက်စာအထိ ဖူလုံမှု ရှိနေပါတယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ပြည်တွင်း စက်သုံးဆီ လိုအပ်ချက်ကို ကာကွယ်ဖို့အတွက် ပြည်ပကို ရေနံတင်ပို့မှု ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ စွမ်းအင်အရ အပြန်အလှန် မှီခိုနေရတဲ့ မြန်မာ နဲ့ လာအို နိုင်ငံတွေကိုတော့ ချွင်းချက်အနေနဲ့ ဆက်လက် တင်ပို့ပေးသွားမှာ ဖြစ်ပါတယ်။အခြား အရန်အစီအမံတွေ အနေနဲ့ မဖြစ်မနေ သိုလှောင်ရမယ့် ပမာဏကို ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်တာ၊ ဇီဝဒီဇယ် ရောစပ်မှု အချိုးအစား တိုးမြှင့်တာနဲ့ လိုအပ်ရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး သန့်စင်ပြီးသား စက်သုံးဆီတွေ တင်သွင်းတာတွေကို လုပ်ဆောင်သွားမှာပါ။ပြည်သူတွေအတွက် ကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ ရေနံရန်ပုံငွေကို အသုံးပြုပြီး ဒီဇယ်ဆီဈေးကို ၁၅ ရက်တိတိ တစ်လီတာကို ၂၉.၉၄ ဘတ်ဈေးနဲ့ ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။လျှပ်စစ်မီး ထုတ်လုပ်ဖို့ လိုအပ်တဲ့ သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်ပြီး ကာတာနိုင်ငံက တင်သွင်းမှု အခက်အခဲဖြစ်နိုင်တာကြောင့် လာအိုကနေ ရေအားလျှပ်စစ် ပိုဝယ်ဖို့နဲ့ မလေးရှား-ထိုင်း ပူးတွဲဖွံ့ဖြိုးရေးဇုန် (JDA) ကနေ ဓာတ်ငွေ့ရယူဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် အဲဒီအခြေအနေတွေကြားမှာ ထိုင်းနိုင်ငံအနေနဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ လျှပ်စစ်မီး ပြတ်လပ်မှု မရှိနိုင်ဘူးလို့ စွမ်းအင်ဝန်ကြီးက အာမခံထားပါတယ်။



