တနင်္သာရီတိုင်း၊သရက်ချောင်းမြို့တွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်ဆိုင်သူသုံးဦး မူးမေ့လဲကျကြောင်း မြိုခံအချို့က ပြောသည်။ သရက်ချောင်းမြို့မရဲစခန်းအနီးရှိ Petro Green စက်သုံးဆီဆိုင်တွင် မတ်လ ၄ ရက် မွန်းလွဲပိုင်းတွင် ဆီဖြည့်ရန် စောင့်ဆိုင်း နေသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မူးမေလဲကျခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။“နေပူလို့ ဖြစ်တာပေါ့နော်။ ကြီးကြီးမားမားတော့ မဖြစ်ဘူး။ တစ်ယောက်ပဲ အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်” ဟု ၎င်းက ပြောဆိုသည်။ သရက်ချောင်းမြို့တွင် မတ်လ ၂ရက်ကစပြီး စက်သုံးဆီဆိုင်များပိတ်ထားခဲ့ရာမှ မတ်လ ၄ရက်တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြန်လည်ရောင်းချကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ ယင်းသို့ရောင်းချနေချိန် နယ်ကျေးရွာများကပါ လာရောက်တန်းစီကာ ဆီလာဖြည့်ကြပြီး လူနှင့် ဆိုင်ကယ် ရာနှင့်ချီ နေပူ ထဲတွင် တန်းစီစောင့်နေကြကြောင်း မြို့ခံများက ဆိုသည်။



