ဒီနေ့မတ်လ ၃ ရက်နေ့ညမှာ မြန်မာနိုင်ငံမှ လကြတ်ခြင်းဖြစ်စဉ်ကိုတွေ့မြင်ရမှာဖြစ်တယ်လို့ မြန်မာနက္ခတ်ဆိုင်ရာMASESမှသိရပါတယ်။မတ် ၃ ရက်နေ့ (မြန်မာလို တပေါင်းလပြည့်ကျော်တစ်ရက်) ညနေ မှာ စလအပြည့်ကြတ်ခြင်းဖြစ်စဉ် (Total Lunar Eclipse) ကို ကျွန်တော်တို့မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မိုးတိမ်ကင်းစင်နေမယ်ဆိုရင် ဖြစ်စဉ် တဝက်ခန့်ကို ကောင်းမွန်စွာ မြင်တွေ့ရမှာဖြစ်ပါတယ် ။လအပြည့်ကြတ်မယ့် အဆင့်တစ်ခုတည်းကို ၅၈ မိနစ် ကြာမြင်တွေ့ရမှာဖြစ်ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး အနေနဲ့ကတော့ ကြာမြင့်ချိန် ၅ နာရီ ၃၉ မိနစ်ခန့် ကြာမြင့်မှာလည်းဖြစ်ပါတယ်။မတ်လ ၃ ရက်၊ ညနေ ၃:၁၄မှာ လစတင်ကြတ်မှာ ဖြစ်ပြီး
မတ်လ ၃ ရက်၊ ည ၈:၅၃မှာလကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးမှာဖြစ်ပါတယ်။အချို့ လကြတ်တဲ့အချိန်တွေမှာ လက သွေးနီရောင်ပြောင်း သွားတတ်ပါတယ်။ ဒီလိုအနီရောင်ပြောင်းသွားတာက ဘာလို့လဲဆိုတော့ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားတဲ့အခါ နေရောင်ထဲမှာပါတဲ့ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စတဲ့အရောင်တွေဟာ လေထုထဲမှာ refract (အလင်းယိုင်) သွားတာကြောင့် ကျန်နေတဲ့အနီရောင်ကသာ လပေါ်ကိုကျရောက်တဲ့ အတွက် လက အနီရောင်ပြောင်းသွားတာပဲဖြစ်ပါတယ်။ MASES Facebook စာမျက်နှာမှ တစ်ဆင့် လကြတ်ခြင်းဖြစ်စဉ်တစ်ခုလုံးကို live ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။လကြတ်ခြင်းဖြစ်စဉ်ဟာ နေ၊လ ကမ္ဘာ တို့ လှည့်ပတ်နေကြတဲ့ သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ပေါ်ရတာဖြစ်ပြီး ကမ္ဘာပေါ်က လူသားတွေရဲ့ နိုင်ငံရေး၊ကျန်းမာရေး၊စီးပွားရေး ၊အချစ်ရေး၊ကံဆိုးကံကောင်းခြင်းဖြစ်စဉ်များနဲ့ သက်ဆိုင်မှု မရှိတာကို သိရှိနားလည်လာသင့်တယ်လို့ ဖော်ပြထားပါတယ်။


