မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ မြေကွက်ဝယ်ယူထားရာမှ ရောင်းမှားဝယ်မှားကြုံ၍ နစ်နာသူများက စုပေါင်းတရားစွဲဆိုရန်စီစဉ်နေကြောင်း နစ်နာသူများထံမှ သိရသည်။မြေကွက်ရောင်းချသူအပါအဝင် မြေကွက်ရောင်းချခဲ့စဉ်အခါက ဆိုရှယ်မီဒီယာတွင်ကြော်ငြာပေးခဲ့သူ၊ မြေကွက်အရောင်း အ၀ယ်ပြုလုပ်စဉ် အာမခံပေးခဲ့သူများအပါအဝင် ဆက်စပ်ပတ်သက်သူများအားလုံးကို တရားစွဲဆိုသွားရန် ပြင်ဆင်ထားခြင်းလည်းဖြစ်သည်။“နစ်နာသူတွေနဲ့ဆွေးနွေးပြောဆိုကြည့်လိုက်တော့၊ အားလုံးက အလိမ်ခံခဲ့ရတယ်ဆိုတာပေါ်လွင်တယ်၊ ရောင်းတုန်းက ဒီနေရာတွေကလွတ်ကင်းတယ်၊ ဘာနဲ့မှမငြိဘူး၊ အာမခံတယ်၊ ပြဿနာဖြစ်ရင်ပြန်လျော်မယ်လို့ ပြောရောင်းထားတာတွေ ချည်းပဲ၊ အခုပြဿနာဖြစ်လို့ဆက်သွယ်တော့ အဆက်အသွယ်မရတော့ဘူး၊ ဒီတော့တရားစွဲသွားဖို့ ပဲရှိတော့တယ်၊ ကိုယ်တွေလိုပဲခံရသူတွေစုစည်းနေတယ်”ဟု နစ်နာသူတစ်ဦးက ပြောသည်။နစ်နာသူများမှာစုပေါင်းပြီး လက်ရှိတွင် နားလည်တတ်ကျွမ်းသည့်တရားစွဲအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး နေသလို အမြန်ဆုံးတရားစွဲဆိုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ထိုမြေကွက်များမှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပင်လိန်၊ ပွဲကောက်၊ ရေချမ်းအိုး စသည့် ကျေးရွာများမှ အကွက်ရိုက်ရောင်းချသောမြေကွက်များဖြစ်ကြပြီး သက်ဆိုင်ရာမှ ခွင့်ပြုထားခြင်း မရှိသေးသည့် မြေကွက်များကို မရိုးဖြောင့်စွာရောင်းချထားခြင်းများကြောင့် ယခုလိုပြဿနာများကြုံလာရခြင်းဖြစ်ကြောင်း ဆိုကြသည်။
Mar 03 • 2:45 AM
Myanmar
Mandalay
Share
| 15 | 0 | 0 | 0 |


