ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာယမန့်နေ့က တေဘာကားတိုက်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူကတော့ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ရွာက ဦးမောင်စိန် (၆၀) နှစ်ဖြစ်ပါတယ်။ မနေ့က မတ်လ ၁ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ ဦးမောင်စိန်ဟာ ထင်းခွေဖို့ အတွက် ရွာအနီးရှိ တောင်သို့သွားစဥ်မှာ တောင်ရှည်ပြင်ရွာထဲရှိ တောင်တက်လမ်း ဂေါက်ကွေ့ (မင်းပြား - မြေပုံကားလမ်း)မှာ မြေပုံဘက်မှ သဲတင်မောင်းလာတဲ့ တေဘာကားတစ်စီးက ဦးမောင်စိန်ကို မတော်တဆ တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ APM သတင်းမှာဖော်ပြထားပါတယ်။ ဦးမောင်စိန်ဟာ ကားတိုက်ခံရတဲ့ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။တေဘာကားမောင်နှင်သူကို အာရက္ခပြည်အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(DLEPS)အဖွဲ့က ဖမ်းဆီးထားပြီး တရားဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။



