ကရင်ပြည်နယ်သို့ ကုန်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၇ သိန်းဝန်းကျင် လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ပိုမိုတိုးတက် များပြားလျက်ရှိကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ခရီးသွားလည်ပတ်မှုဟာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းခရီးသွား ဝင်ရောက်မှု ၄၉ ရာခိုင်နှုန်းနှင့် ပြည်ပခရီးသွားဝင်ရောက်မှု ၄၈ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုတိုးတက်များပြားလာကြောင်းနှင့် ယခု ၂၀၂၆ ခုနှစ်တွင်လည်း ခရီးသွားဝင်ရောက်မှု ထပ်မံတိုးတက်ရန် မျှော်မှန်းထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်တွင်းခရီးသွား ၄၆၈,၉၉၁ ဦးနှင့် ပြည်ပခရီးသွား ၂၉၃ ဦး၊ စုစုပေါင်း ၄၆၉,၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်မှာတော့ ပြည်တွင်းခရီးသွား ၆၉၈,၈၁၄ ဦးနှင့် ပြည်ပခရီးသွား ၄၃၆ ဦး၊ စုစုပေါင်း ၆၉၉,၂၅၀ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ၎င်းဌာန၏ စာရင်းများအရ သိရပါတယ်။
ထိုသို့ ပြည်နယ်အတွင်း ခရီးသွားများတိုးတက်ဝင်ရောက်လာမှုကြောင့် ဒေသအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝင်ငွေရရှိမှုဟာ ၂၀၂၄ ခုနှစ်ထက် ၂၀၂၅ ခုနှစ်တွင် ၉၄ ဒသမ ၆၃ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံနှင့်ကပ်လျက် မြဝတီမြို့ရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးချိန်မှစ၍ ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ မြဝတီမြို့သို့ ထိုင်းနိုင်ငံသား ၁၃၈,၉၆၄ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရပါတယ်။ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားသည့်အပြင် အဓိကခရီးစဉ်ဒေသ ၁၇ ခုအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းထားကာ စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။


