၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ချင်းမိုင်၊ Krung Thai ဘဏ်ရဲ့ Pratu Chiang Mai ဘဏ်ခွဲမှာ ဘတ် ၃ သိန်း လာရောက်ထုတ်ယူတဲ့ မသင်္ကာစရာ အမျိုးသမီးတစ်ဦးကို ဘဏ်ဝန်ထမ်းတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အဲဒီအမျိုးသမီးဟာ အကောင့်ဖွင့်ပြီး ငွေထုတ်ပေးဖို့ စေခိုင်းခံရသူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။အဲဒီနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဘဏ်အနီးမှာ စောင့်ကြည့်နေတဲ့ အပေါင်းအပါ အမျိုးသား ၃ ဦးကို ထပ်မံဖ-မ်းဆီးနိုင်ခဲ့ပါတယ်။ ဖ-မ်းဆီးခံရသူတွေထဲမှာ အကောင့်တွေကို ထိန်းချုပ်ပြီး ငွေကြေးခဝါချမှုကို စီစဉ်ပေးတဲ့ ခေါင်းဆောင် မြန်မာနိုင်ငံသား တစ်ဦး နဲ့ အခြားကြံရာပါ ၂ ဦး (မြန်မာ တစ်ဦး)ပါဝင်ပါတယ်။ဖ-မ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ ဒီလုပ်ငန်းစဉ်နောက်ကွယ်မှာ တရုတ်လူမျိုး ဂိုဏ်းချုပ်တစ်ဦးရှိပြီး ထိုင်းလူမျိုးတွေက ဟိုတယ်၊ ကားငှားရမ်းမှုနဲ့ ကုန်ကျစရိတ်တွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ရရှိထားတဲ့ သက်သေအထောက်အထားတွေအပေါ် မူတည်ပြီး ကျန်ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းဝင်တွေကို ဆက်လက်အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ဒီအမှုမှာ နစ်နာသူတွေဟာ ဘတ် ၂ ဒသမ ၄ သန်း ဆုံးရှုံးခဲ့ရပြီး ဆာရာဘူရီ မြို့နယ်ရဲစခန်းမှာ တိုင်ကြားထားတာ ဖြစ်ပါတယ်။ ဖ-မ်းဆီးရမိထားတဲ့ သံသယရှိသူ ၄ ဦးကိုတော့ ရာဇဝတ်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အရေးယူဖို့ ချင်းမိုင်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး သံသယရှိသူတစ်ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ ထပ်မံအရေးယူသွားမှာ ဖြစ်ပါတယ်။



