ထိုင်းနိုင်ငံ မိုးလေဝသဦးစီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ထားရာမှာ ဘန်ကောက်မြို့အတွက် အထူးသတိပေးချက်တွေ ပါဝင်ပါတယ်။ ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်မှာ အအေးလှိုင်း မဝင်ရောက်မီ အချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေကျနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ဘန်ကောက်မြို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ရာသီဥတုအခြေအနေကတော့ နေ့လယ်ပိုင်းမှာ ပူပြင်းမှာဖြစ်ပြီး မိုးထစ်ချုန်းရွာနိုင်ခြေ ၁၀ ရာခိုင်နှုန်းနဲ့ လေပြင်းအနည်းငယ် တိုက်ခတ်နိုင်ခြေ ရှိပါတယ်။ အဲဒီရက်တွေမှာ အနိမ့်ဆုံး အပူချိန် ၂၅ ကနေ ၂၈ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ အမြင့်ဆုံး အပူချိန် ၃၂ ကနေ ၃၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်ပြီး အနောက်ဘက်ကနေ တစ်နာရီကို ၁၀ ကီလိုမီတာကနေ ၁၅ ကီလိုမီတာနှုန်းနဲ့ လေတိုက်ခတ်နိုင်ပါတယ်။မတ်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ ဘန်ကောက်မြို့မှာ မိုးရွာသွန်းနိုင်ခြေ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပြီး လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ လေအေးတွေနဲ့ လက်ရှိ ပူပြင်းတဲ့ ရာသီဥတုတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် အခုလို နွေရာသီမုန်တိုင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး အဲဒီရက်တွေမှာ အမြင့်ဆုံးအပူချိန် ၃၁ ကနေ ၃၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ အနည်းငယ် ကျဆင်းသွားနိုင်ပါတယ်။ဒါကြောင့် ဘန်ကောက်မြို့ခံတွေနဲ့ အထက်ပိုင်းဒေသက ပြည်သူတွေအနေနဲ့ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ဖြစ်ပေါ်လာမယ့် လေပြင်းမုန်တိုင်း၊ မိုးသီးကြွေတာနဲ့ လျှပ်စီးလက်တာတွေရဲ့ အန္တရာယ်ကို အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။ မုန်တိုင်းတိုက်ခတ်ချိန်မှာ လွင်ပြင်တွေ၊ သစ်ပင်ကြီးတွေအောက်နဲ့ ခိုင်ခံ့မှုမရှိတဲ့ ကြော်ငြာဆိုင်းဘုတ်တွေအနီးမှာ နေထိုင်တာမျိုးကို ရှောင်ကြဉ်ကြဖို့ မိုးလေဝသဦးစီးဌာနက တိုက်တွန်းထားပါတယ်။



