ထိုင်းတွင် BTS ကောင်းကင်ရထား ပြေးဆွဲတဲ့ ကုမ္ပဏီက ခရီးသည်တွေ များတဲ့ အချိန်တွေမှာ ဆံပင်ခါတာ၊ ဆံပင်လွှဲတာတွေ မလုပ်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ရှည်လျားတဲ့ ဆံပင်တွေဟာ တခြားခရီးသည်တွေရဲ့ မျက်နှာ၊ ပခုံး၊ မျက်စိနဲ့ ပါးစပ်တွေကို မတော်တဆ ထိမိနိုင်တဲ့အတွက် ခေါင်းလှည့်တဲ့အခါ၊ လူကြားထဲ ဖြတ်လျှောက်တဲ့အခါနဲ့ ရထားပေါ် အတက်အဆင်း လုပ်တဲ့အခါတွေမှာ ဆံပင်ကို သေချာထားရှိဖို့ တိုက်တွန်းထားပါတယ်။ အားလုံးအတွက် သာယာတဲ့ ခရီးစဉ်လေး ဖြစ်စေဖို့ ကိုယ်ချင်းစာတရားထားပြီး ယဉ်ကျေးတဲ့ ခရီးသွားယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ကြဖို့ ကုမ္ပဏီက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ရထားစီးနင်းတဲ့အခါ လက်ကိုင်ကွင်းတွေ၊ တိုင်တွေကို ကိုင်ထားဖို့နဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ သံဃာတော်တွေကို နေရာဖယ်ပေးဖို့ အကြံပြုထားပါတယ်။



