ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် Tomorrowland ပွဲကြီးအတွက် ဟိုတယ်ပက်ကေ့ချ်တွေ အပါအဝင် လက်မှတ်တွေကို မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၁၀ ကျော်ကနေ စိတ်ဝင်စားမှုတွေ အများကြီး ရရှိထားပါတယ်။ ဒီပွဲကို ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ၃ ရက်ကြာ ချွန်ဘူရီ မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ရက်ကို လူ ၅ သောင်းနဲ့ ပွဲ ၃ ရက်အတွင်း စုစုပေါင်း လူ ၁ သိန်းခွဲကနေ ၂ သိန်းအထိ လာရောက်ဖို့ မျှော်မှန်းထားသလို ပထမနှစ်မှာ အောင်မြင်ခဲ့ရင် နောက်ပိုင်းမှာ ၆ ရက်အထိ တိုးမြှင့်ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီ အီလက်ထရောနစ် ဂီတပွဲတော်ကြီးကို ၂၀၂၆ ကနေ ၂၀၃၀ အထိ ၅ နှစ်ဆက်တိုက် ကျင်းပခွင့်ကို ထိုင်းအစိုးရက မနှစ်ကတည်းက အတည်ပြုပေးထားတာပါ။



