စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုး (Apex Gas and Oli Puplic Co.,Ltd)၊ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့် (Myat Myitter Mon Service Co.,Ltd) နဲ့ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)၊ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ လုပ်ငန်းရှင်တွေကို အာမခံမပေးဘဲ ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပြီး သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေ လွှဲပြောင်း စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဟာ အစိုးရက သတ်မှတ်ထားတဲ့ အရေးကြီး ကုန်စည်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ သိုလှောင်ဝှက်ထားခြင်း (ဒါမှမဟုတ်) စည်းကမ်းချက် ချိုးဖောက်ခြင်းတွေအတွက် အရေးယူနိုင်တဲ့ ဥပဒေဖြစ်ပြီး ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကတည်းက စပြီး နေပြည်တော်မှာ ခေါ်ယူမေးမြန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရာမှာ မသမာမှု၊ ဒေါ်လာရောင်းဝယ်ရေး ကိစ္စတွေနဲ့ ခေါ်ယူ မေးမြန်းခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီနောက် ရာထူးကနေ ဖယ်ရှားခဲ့ကာ အခု ဖေဖော်ဝါရီလ တတိယမှာတော့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီလိုပဲ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကိုလည်း ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။စက်သုံးဆီတင်သွင်းရာမှာ စျေးကစားတာကြောင့် စက်သုံးဆီ လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို တာဝန်ကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။



