ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ အခြေခံရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာကြောင်း သိရသည်။ဇန်နဝါရီလတွင် စားအုန်းဆီ အခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၆,၁၀၀ ကျပ်မှ စတင်မြင့်တက်လာကာ လက်ရှိ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ တစ်ပိဿာလျှင် ၆,၂၅၀ ကျပ်အထိ တစ်ပိဿာလျှင် ၁၅၀ ကျပ် မြင့်တက်လာကြောင်း တွေ့ရသည်။"စားအုန်းဆီ တင်သွင်းတဲ့ နိုင်ငံတွေက ဆီတင်သွင်းခွင့် ကန့်သတ်ထားတာကြောင့်ရယ်၊ ပြည်တွင်းစားသုံးမှုကလည်း လိုတာထက် ပိုသုံးနေတာတွေကြောင့် ဆီမလုံလောက်တာတွေဖြစ်ပြီး ဈေးက တက်နေတယ်။ ပြည်ပက တင်သွင်းတဲ့အချိန်တွေမှာလည်း ဆီလုံလောက်မှု မရှိတာကြောင့် ခွဲတမ်းရ ဆီကိုယ်စားလှယ်တွေဆီကိုလည်း လုံလုံလောက်လောက် မရတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့်လည်း ရည်ညွှန်းဈေးအပြင် ပြင်ပဈေးကွက်က ပေါ်နေတာ" ဟု ဆီရောင်းချခွင့်ရ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ရည်ညွှန်းဈေးဖြင့် ဆီလုံလောက်စွာ ဝယ်ယူ၍ မရသောကြောင့် ပြင်ပပေါက်ဈေးဖြင့်သာ သုံးစွဲနေရပြီး အခြေခံရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ပြင်ပပေါက်ဈေးမှာလည်း နှစ်ဆခန့် မြင့်တက်နေဆဲဖြစ်ကြောင်း စားသုံးသူများထံမှ သိရသည်။



