စင်ကာပူနိုင်ငံရဲ့ NEL ခရမ်းလိုင်း ရထားပေါ်မှာ မနေ့မနက်ပိုင်းမှာ အမျိုးသမီးတစ်ဦး ရုတ်တရက် မူးလဲသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Farrer Park MRT ဘူတာကို ဦးတည်မောင်းနှင်နေတဲ့ ရထားပေါ်မှာ ဒီအမျိုးသမီးဟာ သတိလစ်မူးလဲသွားခဲ့တာ ဖြစ်တဲ့အတွက် အနီးနားမှာရှိနေတဲ့ ခရီးသည်တစ်ဦးက ရထားပေါ်မှာရှိတဲ့ အရေးပေါ် ဆက်သွယ်ရေးခလုတ် (Emergency Button) ကို နှိပ်ပြီး အကြောင်းကြားခဲ့ပါတယ်။ဒီလို အရေးပေါ်ခလုတ်နှိပ်လိုက်တဲ့အတွက် ရထားဟာ Farrer Park MRT ဘူတာမှာ ရပ်နားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရထားဝန်ထမ်းတွေဟာ ရထားပေါ်ကိုတက်ရောက်ပြီး အမျိုးသမီးကို လိုအပ်တဲ့ ကူညီမှုတွေ ပေးအပ်ခဲ့ကြပါတယ်။ရထားပေါ်မှာရှိနေတဲ့ တခြားခရီးသည်တွေကိုတော့ ရထားပေါ်ကနေ ဆင်းပေးဖို့နဲ့ နောက်ထပ်လာမယ့် ရထားကို စောင့်ဆိုင်းစီးနင်းကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ အဲဒီနေရာမှာ ရှိနေခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပြထားပါတယ်။စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ပြောကြားချက်အရ မနက် (၉) နာရီ (၂၀) မိနစ်ဝန်းကျင်မှာ Farrer Park MRT ဘူတာ တည်ရှိရာ 250 Race Course Road ဆီကို အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ထိုအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူနိုင်ဖို့အတွက် Raffles Hospital ကို လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။



