ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံရှိ ရှေးဟောင်းကျောက်စာများမှာ နှစ်ကာလကြာမြင့်ခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ပျက်စီးပြုန်းတီးမှုများ ရှိနေသဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က Reflectance Transformation Imaging (RTI) ခေတ်မီနည်းပညာဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစနစ်သည် ကျောက်စာများကို မင်ကူးယူရာတွင် ဖြစ်ပေါ်တတ်သည့် ဆေးပေကျံမှုအန္တရာယ်မှ ကင်းဝေးစေပြီး စာလုံးများကို ပိုမိုထင်ရှားရှင်းလင်းစွာ ဖတ်ရှုလေ့လာနိုင်စေသည့်အပြင် ရေရှည်သုတေသနလုပ်ငန်းများအတွက် များစွာအထောက်အကူပြုကြောင်း သိရသည်။ လက်ရှိတွင် ပုဂံဒေသရှိ ကျောက်စာ ၃၅၂ ချပ်အနက် ၈၃ ချပ်ကို RTI နည်းပညာဖြင့် မှတ်တမ်းတင်ပြီးစီးပြီဖြစ်ကာ လေ့လာလိုသည့် သုတေသီများနှင့် ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


