မန္တလေးမြို့ပေါ်ရှိ အီးစီးကရက်၊ Vape အရောင်းဆိုင်အများအပြားမှာ လတ်တလောဆိုင်ပိတ်သိမ်းမှုများ ပြုလုပ်လာကြကြောင်း ဒေသခံများထံမှ သိရသည်။အီလက်ထရောနစ်စီးကရက်ကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်ကာ သယ်ဆောင်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများကို ကျန်းမားရေးဝန်ကြီးဌာနက တားမြစ်ခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ဆိုင်ပိတ်သိမ်းမှုများ ရှိလာခြင်းဖြစ်သည်။"ဆိုင်ခန်းငှားခတွေအဆုံးခံပြီးပိတ်လိုက်ရတာပေါ့။ ရင်းနှီးထားရတာကများတယ်။ ဒါပေမဲ့လည်းပိတ်ဆိုရင်ပိတ်ရမှာပဲလေ။ ဆုံးရှုံးမှုကအရမ်းကြီးတယ်"ဟု အောင်မြေသာစံမြို့နယ်မှ Vape ရောင်းချသူတစ်ဦးက ပြောသည်။အီးစီးကရက်နှင့်ရှီရှားများအပါအဝင် အလားတူပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများအားလုံးကို အရေးကြီးကုန်စည်များ ဝန်ဆောင်မှုဥပဒေဖြင့် တားမြစ်ခဲ့ခြင်းဖြစ်ပြီး သုံးစွဲမှုကိုပါပိတ်ပင်ကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။မန္တလေးမြို့တွင် အီးစီးကရက်အရောင်းဆိုင်ပေါင်း ၃၀၀ ထက်မနည်းရှိပြီး အီးစီးကရက်သုံးစွဲသူအများစုမှာ အမျိုးသမီးများနှင့် လူငယ်များဖြစ်ကာ ကလေးသူငယ်အချို့ပင် ဝယ်ယူသုံးစွဲကြကြောင်း သိရသည်။
လတ်တလောတွင် ဆိုင်ပေါင်း ၁၀၀ ကျော်မှာ ယမန်နေ့ညနေပိုင်းမှစ၍ ပိတ်သိမ်းမှုများပြုလုပ်လျက်ရှိကြောင်း Vape ရောင်းချသူများက ဆိုသည်။



